ရွှေတိဂုံစေတီတော် လမ်းညွှန်

ပြာသိုလ – စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင်အခမ်းအနား

     ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိ သာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ စဉ်ဆက်မပြတ်ပေါ်ပေါက်စေရန် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင် ကျင်းပပူဇော်ခြင်း အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သော (၁၀၄)ကြိမ်မြောက် စေတိယင်္ဂဏ စာလျှောက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် သံဃာတော်(၁၅)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယနေ့ ၈-၁-၂၀၂၃ (တနင်္ဂနွေနေ့)တွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
       နံနက် (၇)နာရီအချိန်တွင် စာအောင်သံဃာတော်များနှင့် ဆွေတော်မျိုးတော်များ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများတို့က စေတီတော်မြတ်ကြီးအား ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ခဲ့ ကြပါသည်။
   နံနက်(၈)နာရီအချိန်တွင် (၁၀၄)ကြိမ်မြောက် စေတိယင်္ဂဏစာအောင်ဆုနှင်းသဘင် အခမ်းအနားကို ရင်ပြင်တော်မြောက်ဘက်ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော် ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြည်ညိုပူဇော်ခဲ့ကြပါသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသ (ရွာမဆရာတော်)ထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ပါသည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပခြင်းနှင့် သာသနာရေး ဆိုင်ရာများကို သြဝါဒါစရိယဆရာတော်ကြီးများထံ တင်ပြလျှောက်ထားခဲ့ပါသည်။
     သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက (၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီးတွင် အောင်မြင် တော်မူခဲ့သည့် သီးခြားစာချတန်းအောင် သံဃာတော်(၄)ပါးနှင့် သီးခြားစာသင်တန်းအောင် သံဃာတော် (၁၁)ပါးတို့အား ဘွဲ့တံဆိပ်အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခြင်း၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော် ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာ တော်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ တိပိဋကသြဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ စေတိယင်္ဂဏနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ၊ ပါဠိပါရဂူ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ ဆရာတော်)ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနားကြား၍ ရေစက်ချအမျှ ပေးဝေခဲ့ပြီး အခမ်းအနားကို ”ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြပါသည်။
         ထို့နောက် နံနက်(၁၀၃၀)နာရီအချိန်တွင် သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏ နာယကဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာ တော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်သည် တော်များနှင့် ဆွေတော်မျိုးတော်များအား ထီးတော်ရုံတန်ဆောင်းတွင် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်