ရွှေတိဂုံစေတီတော် လမ်းညွှန်

ကဆုန်လ – ဗောဓိရုက္ခဥဒကပူဇာမင်္ဂလာအခမ်းအနား (ညောင်ရေသွန်းလောင်းပူဇော်ပွဲ)

ဘုရားလောင်းနိယတဗျာဒိတ်ခံယူသောနေ့ဖွားမြင်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့များ ဖြစ်သည့် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဗုဒ္ဓ မြတ်စွာ ဗောဓိဉာဏ်ရရှိတော်မူခဲ့ရာ မဟာဗောဓိပင်သည် ပူပြင်းသည့် ရာသီဥတုဒဏ်ကိုကြုံရသဖြင့် ညှိုးနွမ်း‌ခြောက်သွေ့နေသည်ကို စိုပြည်ရှင်သန် စေရန် ရည်ရွယ်ချက်ဖြင့် ရေသွန်းလောင်း ပူဇော်ကြသည့် အစဉ်အလာကို အလေးဂရုပြု၍ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သည် ကဆုန်လပြည့်နေ့- နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စ အသင်းများအကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများ စုပေါင်း၍ ဧည့်ခံတန်ဆောင်းအတွင်းတွင် စေတီ တော်ကြီးကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ်ဆွမ်း တော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊ ရောင်တော်ဖွင့် တန်ဆောင်းအတွင်း၌ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် အလှည့်ကျ စောင့်ရှောက်ရေး သံဃာတော်များကို အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊
နံနက်(၀၆၃၀)အချိန်တွင် နဖူးစည်းဆိုင်းဘုတ်၊ ပန်းစိုက် ဖလား၊ သာသနာ့အလံကိုင်များ၊ ကြေးစည်၊ မောင်း၊ ခရုသင်းအဖွဲ့နှင့် ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများအကျိုးဆောင်အဖွဲ့ လူကြီးများဦးဆောင်၍ ဗြဟ္မာ၊ သိကြား၊ နတ်၊နဂါး၊ဂဠုန်ဝတ်ဆင်ထားသူများ၊ ရိုးရာဝတ်စုံဝတ်ဆင်ထားသူများနှင့် ရုံးဝန်ထမ်းများ၊ ဝေယျာဝစ္စအသင်းသူ/ သားများမှ ညောင်ရေအိုး၊ သပြေပန်း၊ သာသနာ့အလံအသေးတို့ကို ကိုယ်စီကိုင်ဆောင်ကာ ရှေးဟောင်းတန်ဆောင်းရှေ့ရှိစုရပ်မှ စေတီတော် ကြီးကို လက်ယာရစ် တစ်ပတ်လှည့်လည်ပြီး ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကျင်းပမည့် တောင်ဘက် မဟာဗောဓိ ညောင်ပင်အောက်တွင် နေရာယူကြပါသည်။
နံနက်(၀၇၀၀)အချိန်တွင် ဩဝါဒါစရိယဆရာတော်ကြီးများကို အခမ်း အနားသို့ပင့်ဆောင်၍ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ဆရာတော်ကြီး များထံမှ သီလခံယူခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ အနုမောဒနာ တရားနာကြား၍ ရေစက်ချအမျှပေးဝေခြင်းများပြုလုပ်ပြီးနောက် ဆရာတော် ကြီးများ၊ ဂေါပကအဖွဲ့ဝင်များမှ ဗောဓိပင်ကို ရေသွန်းလောင်း၍ အခမ်းအနား ပထမပိုင်း ပြီးဆုံးခဲ့ကြ ပါသည်။
အခမ်းအနားဒုတိယပိုင်းတွင် ဗောဓိပင်၏ အရပ်လေးမျက်နှာတွင် ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန်များနေရာ ယူကာ အရံယောဂီများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများမှ ရိုးရာအစဉ်အလာ အတိုင်း ပါဠိဂါထာ၊ ကဗျာသံပေါက်လင်္ကာတို့ ရွတ်ဆို၍ ညောင်ရေသွန်း လောင်းပူဇော်ကြပြီး အခမ်းအနား ဒုတိယပိုင်း ပြီးဆုံးခဲ့ကြပါသည်။
အင်္ဂါထောင့်ညောင်ပင်၌ အခမ်းအနားကျင်းပပြီးသည့်အခါ ရင်ပြင်တော် ပေါ်ရှိ ဗောဓိပင်(၅)ပင်လုံးတွင် အများပြည်သူတို့ အလွယ်တကူ ညောင်ရေ သွန်းလောင်း ပူဇော်နိုင်ရန်အတွက် ညနေ (၀၅၀၀)အချိန်အထိ ဗုဒ္ဓဝေယျာ ဝစ္စအသင်း များကလည်းကောင်း၊ ညနေ(၀၅၀၀)အချိန်မှ ည(၀၇၀၀) အချိန်အထိ ရုံးဝန်ထမ်းများက လည်းကောင်း ကူညီကုသိုလ် ယူဆောင်ရွက် ပေးကြပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်