ရွှေတိဂုံစေတီတော် လမ်းညွှန်

နတ်တော်လ – စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ

     ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သည် သာသနာတော်(၃)ရပ်တွင် ပရိယတ္တိသာသနာတော်ကို ချီး‌မြှောက်သောအားဖြင့် မြန်မာနိုင်ငံအစိုးရ အသိအမှတ်ပြုပရိယတ္တိစာမေးပွဲတို့တွင် တစ်ခုပါဝင်သော စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲကို နှစ်စဉ်နတ်တော်လတွင် ကျင်းပပါသည်။
     စာလျှောက်မေးပွဲကို သီးခြားစာသင်တန်း၊ သီးခြားစာချတန်းဟု နှစ်ဆင့်ခွဲကျင်းပပြီး စာသင်တန်းဝင်ရောက်ဖြေဆိုမည့် ရဟန်းတော်များကို သက်တော် (၂၀)နှစ်မှ (၃၀)နှစ် အတွင်းသတ်မှတ်ထားရှိပြီး ဒွေမာတိကာ၊ သဒ္ဒါကြီး၊ ပုဒ်စစ်၊ သုတ်စစ်၊ သဒ္ဒါငယ်၊ ဆန်း၊ အဘိဓာန်၊ သင်္ဂြိုဟ်၊ ယမိုက်အောက်ငါးကျမ်းတို့ကို နှုတ်မေး(အာဂုံပြန်) ဖြေဆိုကြရပါသည်။ အာဂုံအောင်မြင်သော သံဃာများသာ ရေးဖြေဆက်လက်ဖြေဆိုခွင့်ရရှိပါသည်။
     သီးခြားစာချတန်းကို သက်တော်(၃၅)နှစ်အထိသာ ဖြေဆိုခွင့်ပြုပြီး ပါရာဇိကဏ် အဋ္ဌကထာ၊ သီလက္ခန်အဋ္ဌကထာ၊ အဋ္ဌသာလိနီအဋ္ဌကထာ၊ အထက်ယမိုက် (၅)ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို သဘောရေးဖြေ ဖြေဆိုကြရပါသည်။
     စာသင်တန်းအောင် သံဃာတော်ကို စေတိယင်္ဂဏအဘိဝံသ အသိအမှတ်ပြုလက်မှတ်နှင့် စာချတန်းအောင်သံဃာတော်ကို စေတိယင်္ဂဏ ပရိယတ္တိဓမ္မာစရိယဂဏဝါစကဘွဲ့ တံဆိပ်တော်များကို ဆက်ကပ်ပါသည်။ စာသင်တန်းအောင်ပြီး နှစ်မခြားဘဲစာချတန်းကို တစ်နှစ်တည်း (၃)ကျမ်းလုံး အောင်မြင်ပါက“ဝဋံသကာဘွဲ့”ကိုဆက်ကပ်ပါသည်။
     စာလျှောက်မေးပွဲတွင် အောင်မြင်သော သံဃာတော်များကို ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်၍ ဘွဲ့တံဆိပ်တော်များ နဝကမ္မ ဆုတော်ငွေများ၊လှူဖွယ်ဝတ္ထုများလှူဒါန်းပြီး ရွှေတိဂုံဂေါပကအဖွဲ့မှ မော်ကွန်း မှတ်တမ်းတင်ထားရှိပါသည်။
     စာချတန်းအောင်မြင်ပြီး ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်း အမြဲတမ်းဝါဆိုနေထိုင်ပြီး စာချနေပါက လစဉ်နဝကမ္မနိဗဒ္ဓအလှူတော်ငွေကို ဆက်ကပ်လှူဒါန်းပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်