ရွှေတိဂုံစေတီတော် လမ်းညွှန်

တပေါင်းလ – တပေါင်းဗုဒ္ဓပူဇနိယပွဲတော်

     တပေါင်းလတွင်ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်ကြီးသည် သက်တမ်းအရှည်ကြာဆုံး ဖြစ်သည့်အပြင် ကျင်းပသည့်ရက်ကြာရှည်သော ပွဲတော်ကြီးလည်းဖြစ်ပါသည်။
ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ကြိုဆိုသောအားဖြင့် ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများသို့ ဆန္ဒပြုလွှာများ ဖြန့်ဝေခဲ့ပြီး ဆန္ဒပြုအသင်းများမှ (၂၅)ဦးစီပါဝင်စေလျက် အကြိုပဋ္ဌာန်းတရားတော် ရွတ်ဆိုပူဇော်ပွဲကို သီတင်းကျွတ်လဆန်း (၆)ရက်မတိုင်မီ (၂၀)ရက်ခန့်မှ ကြိုတင်၍ ထီးတော်ရုံတန်ဆောင်း၌ ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။

   တပေါင်းဆန်း(၆)ရက်နေ့၊ နံနက်(၀၈၀၀)အချိန်တွင်နှစ်ကျိပ် ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှနေ၍ ပဋ္ဌာန်းပူဇော်ပွဲ ကျင်းပမည့် ရတနာဃရစံအိမ်တည်ရှိရာ ချမ်းသာကြီးတန်ဆောင်းသို့ ပင့်ဆောင်ပူဇော်ခဲ့ပါသည်။
နံနက်(၀၉၃၀)အချိန်တွင် ဗဟိုပဋ္ဌာန်းမဏ္ဍပ်ဖြစ်သည့် ချမ်းသာကြီးတန်ဆောင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများ ဦးဆောင်၍ ဂေါပကအဖွဲ့ဝင်များ ဗုဒ္ဓဝေယျာဝစ္စအသင်းများကလည်းကောင်း၊ အာရုံခံမုခ်ဦးလေးခုတွင် သံဃာတော်(၂၇)ပါး၊ သီလရှင် (၂၇)ပါး၊ ဥပါသကာ(၄၅)ဦး၊ ဥပါသိကာမ(၅၄)ဦးတို့ကလည်းကောင်း၊ ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်ကို တစ်ပြိုင်တည်းရွတ်ဖတ်ပူဇော်၍ အသံမစဲပဋ္ဌာန်းပွဲတော်ကြီးကို ဖွင့်လှစ်ခဲ့ပြီး တပေါင်းလပြည့် နံနက် (၀၉၃၀)အချိန်အထိ အလှည့်ကျပဋ္ဌာနဘာဏက သံဃာတော်(၁၂၀)ပါးတို့က (၁၀)ကြိမ်တိုင်တိုင် (၂၁၆)နာရီ အသံမစဲရွတ်ဖတ် ပူဇော်ခဲ့ကြပါသည်။
တပေါင်းလဆန်း(၁၄)ရက်၊ ညနေ(၀၄၀၀)အချိန်တွင် သံဃာတော်(၁၁၇)ပါး၊ သီလရှင် (၂၇)ပါးတို့အား ရင်ပြင်တော်ပေါ်၌ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း။ တပေါင်းလပြည့်နေ့၊ နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများမှစုပေါင်း၍ အောင်မြေနေရာတွင် စေတီတော်ကြီးကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ်ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း။
နံနက် (၀၉၀၀)အချိန်တွင် (၁၀)ရက်တိုင်တိုင်ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တို့ကို အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြပါသည်။
အခမ်းအနား ပြီးဆုံးသောအချိန်၌ အများပေါင်းစုကောင်းမှု ကုသိုလ်အဖြစ် သံဃာတော်နှင့် လူပုဂ္ဂိုလ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကျွေးမွေးခြင်းဖြင့် တပေါင်းဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ရတနတ္တယပူဇော်ပွဲကြီးအဖြစ် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်