ရွှေတိဂုံစေတီတော် လမ်းညွှန်

တန်ဆောင်မုန်းလ – မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ

     ရွှေတိဂုံစေတီတော်၌ တန်ဆောင်မုန်းလတွင်ကျင်းပသော မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ပွဲသည် သက်တမ်းရှည်ကြာသောပွဲတော်တစ်ခုဖြစ်ပြီး မှတ်တမ်းများအရ ၁၉၄၁ ခုနှစ်တွင် အစောဆုံးကျင်းပသည်ကို သိရှိရပါ သည်။ ယခုလက်ရှိမျက် မှောက်ကာလ တွင် တန်ဆောင်မုန်းလဆန်း(၁၄)ရက် အဖိတ်နေ့ညနေ(၀၄၀၀)နာရီအချိန်တွင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းရှေ့ စုရပ်မှစတင်၍ နဖူးစည်းဆိုင်းဘုတ်၊ ပန်းစိုက်ဖလား၊ သာသနာ့အလံကိုင်များ၊ ကြေးစည်၊ မောင်း၊ ခရုသင်းအဖွဲ့နှင့် ဂေါပက အဖွဲ့ဝင်များ ဦးဆောင်ပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပြီး အောင်မြေရှိ ရက်ကန်းစင် (၉)စင်ရှေ့တွင် နေရာယူကာ ညနေ (၀၅၀၀)နာရီ အချိန်တွင် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဂေါပက အဖွဲ့ဝင်များမှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ယှဉ်ပြိုင်သည့် အသင်းများမှ စတင်ရက်လုပ်ယှဉ်ပြိုင်ကြပါသည်။ ည(၀၈၀၀)အချိန်တွင် ပြိုင်ပွဲပြီးဆုံးပြီး ဆုချီးမြှင့်ပါသည်။
     တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်မတက်မီအချိန်တွင် အောင်မြေမှစတင်၍ ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ပြိုင်ပွဲဝင်အသင်းသူ/ သားများတို့သည် မိမိတို့ ရက်လုပ်ခဲ့သော သင်္ကန်းများကို ဖြန့်ကျက်ကိုင် ဆောင်ပြီး ရင်ပြင်တော်ပေါ်ရှိ သတ်မှတ်ထားသော ရုပ်ပွားတော်(၉)ဆူအား မသိုးသင်္ကန်းကပ်လှူပူဇော်ကြပါသည်။
     တန်ဆောင်မုန်းလပြည့်နေ့နံနက်အရုဏ်တက်ချိန်တွင် ဂေါပက အဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင် အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများ မှစုပေါင်း၍ ဧည့်ခံတန်ဆောင်း အတွင်းတွင် စေတီတော်ကြီးကိုဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူ ဒါန်းခြင်း။
     နံနက် (၀၆၀၀) နာရီတွင် ရှေးဟောင်း တန်ဆောင်း အတွင်း၌ ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင် အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများ ပါဝင်လျက် မသိုးသင်္ကန်းလှူဒါန်းမှု ရေစက်ချအနုမောဒနာ တရားတော်များကို နာကြားပြီး ရေစက်ချအမျှပေးဝေခြင်းဖြင့် တန်ဆောင်မုန်း လပြည့်နေ့တွင် ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာအတိုင်း မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကြီးကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်