ရွှေတိဂုံစေတီတော် လမ်းညွှန်

သီတင်းကျွတ်လ – အဘိဓမ္မာအခါတော်နေ့အခမ်းအနား
(လျှပ်စစ်မီးစေတီလှည့်လည်ကပ်လှူပူဇော်ပွဲ)

    ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ရုံးဝန်ထမ်းများ၏ လှုပ်ရှားမှုပြယုဂ်တစ်ရပ်အနေဖြင့် သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့ကို ကြိုဆိုလျက် ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းများသို့ ဆန္ဒပြုလွှာများဖြန့်ဝေခဲ့ပြီး ဆန္ဒပြုအသင်းများမှ (၂၅)ဦးစီ ပါဝင်စေလျက် အကြိုအဘိဓမ္မာတရားတော် ရွတ်ဆိုပူဇော်ပွဲကို သီတင်းကျွတ် လပြည့်မတိုင်မီ (၂၀)ရက်ခန့်မှ စတင်ပြီးထီးတော်ရုံတန်ဆောင်း၌ ရွတ်ဖတ် ပူဇော်ခဲ့ကြပါသည်။
     ပိဋကစာပေများ၌ ဘုရားရှင်သည် မယ်တော်မိနတ်သားကို ကျေးဇူး ဆပ်သောအနေဖြင့် အဘိဓမ္မာဒေသနာတော်ကို ဝါတွင်းကာလတွင် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူပြီး ဝါကျွတ်သောအခါ လူ့ပြည် သင်္ကဿနဂိုရ်သို့ ဆင်းသက်တော်မူရာတွင် လူများကြိုဆို၍ မီးထွန်းညှိ ပူဇော်ခြင်းကို ဉပမာပြုကာ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် သီတင်း ကျွတ်လဆန်း(၁၄)ရက် အဖိတ်နေ့ ညနေပိုင်းတွင် နဖူးစည်း ဆိုင်းဘုတ်၊ ပန်းစိုက် ဖလား၊ သာသနာ့အလံကိုင်များ၊ ကြေးစည်၊ မောင်း၊ ခရုသင်း အဖွဲ့နှင့် ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး တာဝန်ယူကုသိုလ်ယူ ကြမည့် ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသားများမှ လျှပ်စစ်မီးစေတီ (၅)ဆူကို ကိုင်ဆောင်ပြီး စေတီတော်ကြီးကိုလက်ယာရစ်လှည့်လည်ကာ မြောက်ဘက် အောင်မြေနေရာ၌ လျှပ်စစ်မီးစေတီ (၅)ဆူဖြင့် ပူဇော်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ပါသည်။
     သီတင်းကျွတ်လပြည့် နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင် အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများမှ စုပေါင်း၍ ဧည့်ခံတန်ဆောင်းအတွင်းတွင် စေတီတော်ကြီးကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း။
        နံနက် (၀၆၀၀)နာရီတွင် ရှေးဟောင်းတန်ဆောင်းအတွင်း၌ ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင် အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများ ပါဝင်လျက် အဘိဓမ္မာနှင့်ဆက်စပ်၍ သိမှတ်ဖွယ်ရာများ အမေးအဖြေ ပြုလုပ်ခြင်း၊ ပဋ္ဌာန်းတရားတော်ရွတ်ဖတ်ပူဇော်ခြင်း စသည်တို့ပါဝင်လျက် အဘိဓမ္မာအခါတော်နေ့အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
      နံနက် (၀၉၃၀)အချိန်တွင် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကပ်လှူခြင်း၊ အနုမောဒနာ တရားနာကြားကာ ရေစက်ချအမျှပေးဝေခြင်း။
      နံနက် (၁၀၃၀)အချိန်တွင် ရောင်တော်ဖွင့်တန်ဆောင်းအတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် အလှည့်ကျစောင့်ရှောက်ရေး သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဉပုသ်သည်များအား ထမင်းကျွေးခြင်းများကို ဆောင်ရွက်ခြင်းဖြင့် သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့ တစ်နေ့တာပတ်လုံး ထေရဝါဒအနှစ်သာရ မပျက်စေဘဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်