ရွှေတိဂုံစေတီတော် လမ်းညွှန်

ဝါခေါင်လ – မေတ္တာအခါတော်နေ့အခမ်းအနား (ပန်းစေတီလှည့်လည်ကပ်လှူပူဇော်ပွဲ)

      ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ရုံးဝန်ထမ်းများ၏ လှုပ်ရှားမှုပြယုဂ် တစ်ရပ်အနေဖြင့် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ကို ကြိုဆိုလျက် ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းများသို့ ဆန္ဒပြုလွှာများဖြန့်ဝေခဲ့ပြီး ဆန္ဒပြုအသင်းများမှ အကြိုပရိတ် တရားတော် ရွတ်ဆိုပူဇော်ပွဲကို ဝါခေါင်လပြည့်မတိုင်မီ (၁၁)ရက်ခန့်မှစတင်ပြီး ထီးတော်ရုံတန်ဆောင်း၌ ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။
      ဝါခေါင်လဆန်း (၁၄)ရက် (အဖိတ်နေ့) နံနက် (၀၆၀၀)နာရီမှ စတင်၍ ဝါခေါင်လပြည့် နံနက် (၀၆၀၀)နာရီအထိ ဗုဒ္ဓဝေယျာဝစ္စ အသင်းများ၊ ရုံးဝန်ထမ်းများမှ တစ်သင်းလျှင် လူ(၅)ဦးစီ ပါဝင်ကာ တစ်ချိန်လျှင် (၃၀)မိနစ်ကြာ ပဋိသမ္ဘိဒါ မဂ်လာ (၅၂၈)သွယ် မေတ္တာပွား များနည်း၊ မေတ္တာသုတ်တော်လာ (၅၆၁)မေတ္တာပွားများနည်းတို့ဖြင့် အသံမစဲ မေတ္တာပွားများပွဲ ကျင်းပပြုလုပ်ကြပါသည်။
      ဝါခေါင်လပြည့်နေ့ နံနက်အရုဏ်ချိန်တက်တွင် ဧည့်ခံတန်ဆောင်း၌ အရုဏ်ဆွမ်းတော်ကြီးကပ်လှူခြင်း၊ နံနက်(၀၆၀၀) အချိန်တွင် ရှေးဟောင်းတန်ဆောင်း၌ မေတ္တာအခါတော်နေ့အခမ်းအနားကို ကျင်းပ ပြုလုပ်ပြီး၊ နံနက် (၀၇၀၀)အချိန်တွင် နဖူးစည်း ဆိုင်းဘုတ်၊ ပန်းစိုက်ဖလား၊ သာသနာ့အလံကိုင်များ၊ ကြေးစည်၊ မောင်း၊ ခရုသင်းအဖွဲ့နှင့် ဂေါပက အဖွဲ့ဝင်များဦးဆောင်ပြီး တာဝန်ယူကုသိုလ်ယူကြမည့် ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသားများမှ ပန်းစေတီ(၅)ဆူကိုကိုင်ဆောင်ပြီး စေတီတော်ကြီးကို လက်ယာရစ် လှည့်လည်၍ အာရုံခံမုခ်ဦး လေးဘက်နှင့် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်တို့အား ပန်းစေတီ ကပ်လှူ ပူဇော်ခြင်းကို ဆောင်ရွက်ကြပါသည်။
      နံနက် (၀၉၃၀)အချိန်တွင် ဩဝါဒါစရိယဆရာတော်ကြီး များထံမှ သီလခံယူခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကပ်လှူခြင်း၊ အနုမောဒနာတရား နာကြားကာ ရေစက်ချ အမျှပေးဝေခြင်း။
      နံနက် (၁၀၃၀)အချိန်တွင် ရောင်တော်ဖွင့်တန်ဆောင်း အတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် အလှည့်ကျစောင့်ရှောက်ရေး သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ဥပုသ်သည်များအား ထမင်းကျွေးခြင်းများကို ဆောင်ရွက်ခြင်းဖြင့် ဝါခေါင်လပြည့် တစ်နေ့တာပတ်လုံး ရတနတ္တယပူဇာပြည့်စုံစွာ ဆောင်ရွက်ခဲ့ကြပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်