ရွှေတိဂုံစေတီတော် လမ်းညွှန်

တပို့တွဲလ – ဩဝါဒပါတိမောက်အခမ်းအနား (မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲတော်)

      ဝိပဿီဘုရားရှင် လက်ထက်က အရှင်ကောဏ္ဍညလောင်းလျာ စူဠကာလအမျိုးသားသည် ကောက်ဉီး(၉)ကြိမ် ကာလဒါနအလှူကြောင့် ဘဝဆက်တိုင်း လောကီကောင်းကျိုးများ ခံစားရပြီး ဂေါတမဘုရားရှင် လက်ထက်၌ တရားဦးနာကြားရ၍ ပထမဦးဆုံးလောကုတ္တရာ တရားထူး ရရှိသော အရှင်ကောဏ္ဍညမထေရ်၏ ဖြစ်စဉ်ကို နမူနာပြုကာ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့သည် တပို့တွဲလဆန်း (၁၄)ရက်အဖိတ်နေ့၊ ညနေ (၀၄၀၀)အချိန်တွင် ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ လုပ်ငန်းကန်ထရိုက်များ၊ အခွန်ထမ်းပါဝင်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပ၍ ဆုများချီးမြှင့်ပါသည်။
      ထမနဲထိုးပြိုင်ပွဲမှရရှိသော ထမနဲဆွမ်းများကိုတပို့တွဲလပြည့်နေ့ နံနက် အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စ အသင်းများ အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများမှ စုပေါင်း၍ ဧည့်ခံတန်ဆောင်းအတွင်းတွင် စေတီတော် ကြီးကို ထမနဲဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ် ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းပြီး ဘုရားရှင်တို့၏ အဆုံးအမဖြစ်သော ဩဝါဒပါတိမောက်ဒေသနာတော်ရွတ်ဆိုပူဇော်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ကြပါသည်။
       နံနက် (၀၅၃၀)အချိန်တွင် ရောင်တော်ဖွင့်တန်ဆောင်းအတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်သံဃာတော် (၆၂)ပါးတို့ကို အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်း။
      နံနက် (၀၆၀၀)အချိန်တွင် ရင်ပြင်တော်ဗုဒ္ဓဟူးထောင့်မှစတင်၍ စေတီတော် လက်ယာရစ်တစ်ပတ်လည် ဘုရားအမှူးပြုသော ပင့်သံဃာတော် (၆၂)ပါးတို့အား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်းဆန်တော်လောင်းလှူခြင်း။
      နံနက် (၀၆၃၀)အချိန်တွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများအကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများ ပါဝင်လျက် ထမနဲဆွမ်းလှူဒါန်းမှု ရေစက်ချ အနုမောဒနာတရားတော်များကို နာကြားပြီး ရေစက်ချ အမျှပေးဝေခြင်းဖြင့် တပို့တွဲလပြည့်နေ့တွင် ဘာသာသာသနာနှင့် မြန်မာ့ရိုးရာ ထုံးတမ်း အစဉ်အလာ အတိုင်း ထမနဲလှူဒါန်းပွဲတော်ကြီးကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်