ရွှေတိဂုံစေတီတော် လမ်းညွှန်

ကိုယ်လုံးတော်ကြံ့ခိုင်ရေး
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသားတောင်ထွတ်ကြီးပမာ အစဉ်အမြဲတင့်တယ်စွာ ဖူးတွေ့ပူဇော်နိုင်ရန် (၅) နှစ်တစ်ကြိမ် ပုံမှန် ရွှေသင်္ကန်းတော်ကပ်လှူသောစနစ်မှာ လွန်ခဲ့သောနှစ်ပေါင်း (၄၀)ခန့်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ ရှေးယခင်က တစ်ခါတစ်ရံ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီး၊ တစ်ခါတစ်ရံ ကိုယ်လုံးတော် တစ်ဝက်ခန့်သာ ရွှေသင်္ကန်းကပ်လှူနိုင်ပါသည်။ တစ်ခါတစ်ရံတွင် လုံးတော်ပြည့်ရွှေသင်္ကန်းကို (၂) နှစ်ခွဲ၍ ကပ်လှူရခြင်းလည်း ရှိပါသည်။
ရွှေသင်္ကန်းတော်ကပ်လှူခြင်းသည် ကိုယ်လုံးတော်ကြံ့ခိုင်မှုအတွက် သာမန်စစ်ဆေးသည့်သဘောလည်း ဖြစ်စေပါသည်။ ရွှေမျက်ပါး သင်္ကန်းကပ်လှူရာ၌ ကိုယ်လုံးတော်ရှိ ရွှေချမည့်ဧရိယာအား သစ်စေးသရိုး သုတ်လိမ်းရပါသည်။ တစ်နည်းအားဖြင့် သစ်စေးသရိုး အလွှာတစ်ခုဖြင့် ကာကွယ်ရာရောက်ပါသည်။ ‌ရွှေပြားသင်္ကန်းကပ်ခြင်းသည် ကိုယ်လုံးတော် ကြံ့ခိုင်မှုအတွက် (၁၂) လက်မ ပတ်လည်အရွယ် ကြေးဘောင်ဖရိန်ဖြင့် ရစ်ပတ်ချုပ်နှောင်ထားသကဲ့သို့ ဖြစ်စေပါသည်။ ထိုကြေးဘောင်ပေါ်၌ ကြေးပြားကပ်ခြင်းသည် ကိုယ်လုံးတော်အား ကြေးပြားဖြင့် ကာကွယ်ခြင်း ဖြစ်စေပါသည်။
သက္ကရာဇ် ၁၂၆၀ ခုနှစ်၊ (၁၈၉၈) မှ စတင်ကာ ရွှေတိဂုံစေတီတော်ကြီး၏အထက်ပိုင်း ငှက်ပျောဖူးတော်မှ အောက်ပိုင်းသို့ တဖြည်းဖြည်းတိုး၍ ‌ရွှေပြားသင်္ကန်းတော်များ ကပ်လှူခဲ့ရာ ၁၉၈၀ ခုနှစ်တွင် သပိတ်မှောက် ခေါင်းလောင်းကြီး၏ အလယ်ရင်စည်း တော်အထိ ရောက်ရှိခဲ့ပါသည်။
ရွှေပြားသင်္ကန်းတော်မကပ်မီ ကြိုတင်၍ (၁၂) လက်မပတ်လည်အရွယ် ကြေးဘောင်ဖရိန် ပြုလုပ်ပြီး (၁၂) လက်မပတ်လည် ကြေးပြားကပ်ရပါသည်။ ကြေးဘောင်ဖရိန် ပြုလုပ်သည့်အခါ အောက်ခံအင်္ဂတေပလာစတာ (မိုတာ)ကို တောင့်တင်းခိုင်မာအောင် ပြင်ဆင်ရ ပါသည်။ ကြေးဘောင် ဖရိန်ခွေပြီးသောအခါ ကြေးဘောင်ဖရိန် မျက်နှာပြင်ညီရန် အင်္ဂတေပလာစတာ (မိုတာ) ဖြည့်သိပ်ရပါသည်။ ဤသို့ဖြင့် ကြေးဘောင်ကြေးပြား ကပ်ပြီးသောနေရာသည် မူလအင်္ဂတေမျက်နှာပြင်ထက် ပိုမို ကြံ့ခိုင်တောင့်တင်း သွားပါသည်။
ရွှေတိဂုံစေတီတော် သမိုင်းတစ်လျှောက်တွင် မြေငလျင်ဒဏ်ကြောင့် ပြိုပျက်ခြင်း၊ အသစ်ပြန်လည် တည်ခြင်းများရှိသကဲ့သို့ အပိုင်းလိုက်ပဲ့ကျခြင်း၊ ကွာကျခြင်းများလည်း ရှိခဲ့ပါသည်။ ထို့ပြင် ကွဲအက်ခြင်းများလည်း ရှိခဲ့ပါသည်။
၁၉၇၀ ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် ရွှေတိဂုံစေတီတော်၏ ပန်းလည်တိုင် တိမ်းစောင်းခဲ့သည်ကို အခြေပြုလျက် ထီးတော် ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ပန်းလည်တိုင်အား ပြန်လည်တည့်မတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၃ ခုနှစ်တွင် ကိုယ်လုံးတော် ကြီး၏ ရှစ်မြှောင့်ပစ္စယာ စနေထောင့်တွင် ပေါက်ရောက် နေသော မြက်ဖုတ်ကြီးအောက်တွင် ကွဲအက်နေသော အက်ကြောင်းကြီး တစ်ခုတွေ့ရှိရပါသည်။ ထိုအက်ကြောင်းကြီး သည် အကျယ် (၁၀) လက်မခန့်ရှိပြီး အနက် (၁၈) ပေခန့် အထိရှိကြောင်း တွေ့ရပါသည်။ ထိုအက်ကြောင်းကို အခြေခံ၍ ကိုယ်လုံးတော်အနှံ့အပြား၌ အထူးပြုလုပ်ထားသော ကျောက်တောင်များအား ထွင်းဖောက်ရာ၌သုံးသည့် လွန်ပူကြီးများဖြင့် ဖောက်၍ ဘိလပ်မြေအိတ်ပေါင်း (၄၀၀၀) ကျော် အရည်ဖျော်ကာ ဖြည့်သိပ်ပြီး ကိုယ်လုံးတော်ကြီး ကြံ့ခိုင်အောင် ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ရှစ်မြှောင့်ပစ္စယာရှိ နတ်ကြည့်ဧရိယာအားလုံးတွင် (၂) လက်မကွက်သံဇကာ ထည့်သွင်းမြှုပ်နှံပြီး သံကူကွန်ကရစ် လောင်းကာ ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ် ရွှေထီးတော်သစ် တင်လှူရာ၌ ထီးတော်၏ အလေးချိန် ဒဏ်ခံနိုင်ရန် ထောက်မထားသော ထီးထောက်များ အခြေပြုရာ ငှက်ပျောဖူးတော်ကြီး တစ်ခုလုံးမှ အပေါ်ယံအင်္ဂတေများစွာ ဖယ်ထုတ်ပြီး သံချောင်းလုံးများဖြင့် စနစ်တကျ ရစ်ပတ်အားဖြည့်ပြီး သံကူကွန်ကရစ် လောင်းထားသော ငှက်ပျောဖူးကြီးဖြစ်အောင် ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ငှက်ပျောဖူး နှင့် ကြာမှောက်၊ ကြာလှန်ဧရိယာ ဆက်စပ်မှုရှိစေရန် (၂) လက်မဗျက် ငါးမူးထုရှိသော သံချောင်းများဖြင့် အရပ်ရှစ် မျက်နှာတွင် ထည့်သွင်းမြှုပ်နှံ့ ခဲ့ပါသည်။
၁၉၉၉ ခုနှစ်တွင် ရွှေထီးတော်သစ်တင်လှူခြင်းနှင့်အတူ ငှက်ပျောဖူးတော်အား သံကူကွန်ကရစ်လောင်းခြင်း၊ ကြေးဝန်းငါးခုမှ အောက်ပိုင်းပစ္စယာအားလုံး ကြေးဘောင်ကြေးပြားကပ်ခြင်း၊ ပထမပစ္စယာမှအပ ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ခြင်း ဆောင်ရွက်ခဲ့ပါ သည်။
၂၀၀၄-၂၀၀၅ ခုနှစ်တွင် (၅) နှစ်ပြည့်ပြန်သောကြောင့် ထီးတော်ကြီးကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ရွှေပြား သင်္ကန်းတော်များ ကပ်လှူခြင်း၊ လုံးတော်ပြည့် ရွှေမျက်ပါးသင်္ကန်းတော်များ ကပ်လှူခြင်း၊ ရွှေပြားသင်္ကန်း၊ ရွှေမျက်ပါးသင်္ကန်းတို့ထက် ရေရှည်တည်တံ့ကြံ့ခိုင်နိုင်သော ရွှေစင်ပြား (Gold Coating)များ စမ်းသပ်ကပ်လှူခြင်းများ ဆောင်ရွက်ပါသည်။ ထိုအချိန်က ရွှေပြားကပ်ရာ၌ ကြာမှောက်၊ ကြာလှန် ဧရိယာသည် ကြံ့ခိုင်မှုနည်းနေကြောင်း တွေ့ရှိသဖြင့် နောင်ငြမ်းထိုးသည့် အချိန်၌ ကြာမှောက်၊ ကြာလှန်ဧရိယာအား ကြံ့ခိုင်မှုဆောင်ရွက် သင့်ကြောင်း အစီရင်ခံစာများ ရေးသားထားခဲ့ပါသည်။
၂၀၀၄-၂၀၀၅ ခုနှစ်တွင် ရွှေသင်္ကန်းတော်များကပ်လှူခြင်း၊ ထီးတော်ကြံ့ခိုင်မှုစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် (၅) နှစ် ပြည့်မြောက်၍ ရွှေသင်္ကန်းကပ်ရန် အချိန်ကျရောက်ပါသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်၊ မေလ (၂)၊ (၃) ရက်များ၌ နာဂစ်အမည်ရှိ မုန်တိုင်းတိုက်ခတ်သောကြောင့် ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသော ရွှေပြားသင်္ကန်းတော်များ စုတ်ပြဲကွာထွက်မှုများစွာရှိခဲ့ပါသည်။ ရွှေပြားများ စုတ်ပြဲနေသည်များ အမြင်မတင့်တယ် ရုံမျှမက လေလွင့်ပျောက်ဆုံးမှုများ ရှိနိုင်သောကြောင့် ၂၀၀၈-၂၀၀၉ ခုနှစ်တွင်ပင် ရွှေသင်္ကန်းတော်များ ပြန်လည်ကပ်လှူရန် ထီးတော်ကြံ့ခိုင်မှုစစ်ဆေးရန် စီစဉ်ခဲ့ကြပါသည်။ ထိုကာလ၌ နာဂစ်မုန်တိုင်းကြောင့် မြစ်ဝ ကျွန်းပေါ်ဒေသအားလုံးရှိ စေတီတော်များတွင် ငှက်ပျောဖူးတော်များ ပြုတ်ကျပျက်စီးရသည်ကို အခြေခံ၍လည်းကောင်း၊ ၂၀၀၄-၂၀၀၅ ခုနှစ်က ရေးသားထားသော အစီရင်ခံစာကိုအခြေခံ၍လည်းကောင်း၊ စေတီတော်ကြီး၏ အင်္ဂါရပ်တော် အစိတ်အပိုင်းအားလုံးတွင် အသေး သွယ်ဆုံးဖြစ်သော ကြာမှောက်၊ ကြာလှန်ဧရိယာအား ကြံ့ခိုင်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။ ကပ်လှူထားသော ရွှေပြားသင်္ကန်းတော်များ ကြေးဘောင်များ ကြေပြားများဖျက်သိမ်း ဖယ်ရှားပြီးနောက် အထက်အောက် (Vertical) ငှက်ပျောဖူးအခြေမှ ဒုတိယဖောင်းရစ်အထိ ရွဲလုံးကြီးများအကြား၌ (၂) လက်မခွဲ အရွယ်စွန်းထင်းခံ သံမဏိပြား (Stainless Steel) ချောင်းကြီးများ (၁၉) နေရာ၌ ထည့်သွင်းမြှုပ်နှံ ပါသည်။
ရေပြင်ညီ (Horizontal)အလိုက် (၁၀) နေရာတွင် (၂) လက်မခွဲအရွယ် သံမဏိပြားကြီးများ ထည့်သွင်းမြှုပ်နှံပြီး သံမဏိခြင်းကြား ကြီးသဖွယ်ဖြစ်အောင် စီစဉ်ပါသည်။ သံမဏိပြားကြီးများ မြှုပ်နှံသောအပေါ်မှ ခေတ်မီကာဗွန်ဖိုက်ကာစနစ်ဖြင့် ပိုမိုကြံ့ခိုင်အောင် ဆောင်ရွက်ပါသည်။
ကြာမှောက်၊ ကြာလှန်၊ ရွဲဖောင်းစသော နေရာများ၌ စတီးချောင်းများ ထည့်သွင်းမြှုပ်နှံကာ သံကွန်ကရစ်လောင်းပြီး အမာခံရစေ ပြီးမှ မူလလက်ရာမပျက် မြန်မာမှု ပြန်လည်ပြုလုပ်ပါသည်။ ကြာမှောက်၊ ကြာလှန် ဧရိယာအား ယာယီဖျက်သိမ်းဖယ်ရှား တူးဆွသောအခါ၌ ရှေးယခင်ကပင် ကိုယ်လုံးတော်ကြံ့ခိုင်စေရန် သံချောင်းကြီးများ စနစ်တကျ ထည့်သွင်းမြှုပ်နှံထားကြောင်း သမိုင်းမှတ်တမ်းအရ နောက်ဆုံး ဖူးတွေ့ရသော ဉာဏ်တော်အမြင့် (၃၂၆) ပေ ဖြစ်အောင် တည်ထားပူဇော်သော ဆင်ဖြူရှင်မင်းလက်ထက်ကသော် လည်းကောင်း၊ ထိုကာလ နောက်ပိုင်း သမိုင်းမှတ်တမ်းမဝင်သော ပြုပြင်သူများကသော်လည်းကောင်း၊ ကိုယ်လုံးတော်အတွင်း၌ သံချောင်းများ (Mild Steel) ထည့်သွင်းမြှုပ်နှံ တည်ဆောက်ခဲ့ကြောင်း တွေ့ရပါသည်။
ကိုယ်လုံးတော်ကြံ့ခိုင်ရေးဆောင်ရွက်မှုသည် ၁၉၉၉ ခုနှစ်တွင် ငှက်ပျောဖူး‌တော်အား လည်းကောင်း၊ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ကြာမှောက်၊ ကြာလှန် ဧရိယာနှင့် ဒုတိယဖောင်းရစ်အထိလည်းကောင်း စနစ်တကျ သံကူကွန်ကရစ် ဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်