ရွှေတိဂုံစေတီတော် လမ်းညွှန်

နဝလောဟရတနာပါဒစေတီ (ဗုဒ္ဓခြေတော်ရာ) နှစ်ဆူ

ရွှေတိဂုံစေတီတော်၊ အင်္ဂါထောင့်ရှိ ဗောဓိမဏ္ဍိုင်တန်ဆောင်းအတွင်း၌ ၁၉၄၈ ခုနှစ်ခန့်က တည်ထားပူဇော် ထားသော စကျင်ကျောက်သားဗုဒ္ဓခြေတော်ရာနှစ်ဆူမှာ ပျက်စိးယို့ယွင်းနေသောကြောင့် ကြေးဗုဒ္ဓခြေတော်ရာနှစ်ဆူ သွန်းလုပ်ရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါရိယဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ဩဝါဒါစရိယဆရာတော်ကြီးများ ဖြစ်ကြသော ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ ဒွိပိဋကဓရဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပထမအကျော်၊ အဂ္ဂမဟာအကျော်၊ အဋ္ဌကထာပြန်အကျော်၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ၊ ပါဠိပါရဂူ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ တိပိဋကဩဝါဒါစရိယ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂရုဘဒ္ဒန္တနာရဝါဘိဝံသ (လှရတနာ)တို့က ဦးဆောင် ကြီးကြပ်၍ ဂေါပကအဖွဲ့ဝင်ဦးတင်ဝနှင့် ဦးဌေးလှိုင်တို့အား တာဝန်ပေးအပ်ပါသည်။
 ဗုဒ္ဓခြေတော်ရာနှစ်ဆူအား အများပြည်သူလှူဒါန်းထားသော ကြေးခေါင်းလောင်း၊ ကြေးဆွဲလဲများ နှင့် မန္တလေးမြို့၊ တမ္ပဝတီရပ်ရှိ ပြည့်ဝ (မြန်မာ့လက်မှုကြေးသွန်းအနုပညာလုပ်ငန်း) အား လုပ်ငန်းအပ်နှံသွန်းလုပ်စေခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြီးစီးပါသည်။
 ဗုဒ္ဓခြေတော်ရာနှစ်ဆူ သွန်းလောင်းရာတွင် အလှူရှင်များ လှူဒါန်းထားသော သတ္ထု (၉)မျိုး ဓာတ်လုံးများ နှင့် ရွှေစင်ရွှေသား (၃၇)ကျပ်သားခန့် ထည့်သွင်းသွန်းလောင်းထားပါသည်။
ဗုဒ္ဓခြေတော်ရာနှစ်ဆူကို အောက်တိုဘာလ (၁၄)ရက်နေ့တွင် မန္တလေးမြို့မှ ရန်ကုန်သို့ ပင့်ဆောင်ခဲ့ပြီး ရွှေတိဂုံစေတီတော်၊ ဗောဓိမဏ္ဍိုင်တန်ဆောင်းအတွင်းရှိ ရွှေပလ္လင်တော်ထက်တွင် ပူဇော်ထားကာ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး (၁၁)ပါး၊ ပင့်သံဃာတော် (၁၂)ပါး တို့နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူ၍ အလှူတော် ရေစက်ချ အခမ်းအနား ကျင်းပပါသည်။
 ဗုဒ္ဓခြေတော်ရာ နှစ်ဆူကိန်းဝပ်စံပါယ်တော်မူရာ ရွှေပလ္လင်တော်၏ ဌာပနာတိုက်တွင် ဓာတ်တော် မွေတော်များ၊ သတ္တဌာနအထိမ်းအမှတ်ငွေထည်များ၊ ဒေသနာတော်များရေးထိုးပူဇော်ထားသော Gold Steel ပြား၊ ဗုဒ္ဓဂယာမှ အောင်မြေနှင့် မဟာဗောဓိညောင်ရွက်များ၊ ရွှေငွေကျောက်သံပတ္တမြားနှင့် ရတနာများကို ဌာပနာ ထည့်သွင်းထားပါသည်။
ဗုဒ္ဓခြေတော်ရာနှစ်ဆူအား အနန္ဒဇိနမူနှင့် ကိုက်ညီစွာ သွန်းလောင်းထားပြီး အတိုင်းအတာမှာ အလျား ၅ ပေ ၆ လက်မ၊ အနံ ၂ ပေ ၄ လက်မ၊ အထူ ၂ လက်မရှိ၍ အလေးချိန်မှာ ဝဲခြေတော်ရာသည် (၆၉)ပိဿာ နှင့် လကျ်ာခြေတော်ရာသည် (၇၁)ပိဿာ ရှိပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်