ရွှေတိဂုံစေတီတော် လမ်းညွှန်

မဟာဗုဒ္ဓဝင်ပြခန်း

မဟာဗုဒ္ဓဝင်ပြခန်းကြီးကို ရွှေတိဂုံစေတီတော် အနောက်မြောက်ထောင့်ရှိ အောက်ပစ္စယံ၌ ဖွင့်လှစ်ပြသထားပါသည်။ ထိုပြခန်းကြီးသည် ယခင် ဗုဒ္ဓဇယန္တိ ဓမ္မာရုံကြီးဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်က ဦးဆောင်၍ ရွှေတိဂုံစေတီတော်ကြီးနှင့် ဆက်စပ်နေသော စီမံကိန်းလုပ်ငန်းကြီး (၃) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
ထို့ကြောင့် မဟာဗုဒ္ဓဝင်ပြခန်း တည်ဆောက်ရေးသည် စီမံကိန်း (၃) ရပ်တွင် ပါဝင်နေ သောကြောင့် ထိုဗုဒ္ဓဇယန္တိ ဓမ္မာရုံကြီးကို ၁၉၈၉ ခုနှစ် အောက်တိုဘာလမှ စတင် ပြုပြင်မွမ်းမံ တည်ဆောက်၍ အထပ် (၂) ထပ် ပါဝင်သော မဟာဗုဒ္ဓဝင်ပြခန်းကြီးအဖြစ် (၁၇.၄.၁၉၉၁) နေ့တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။
မဟာဗုဒ္ဓဝင်ပြခန်းကြီး၏ မြေညီထပ်တွင် ဂေါတမမြတ်စွာဘုရား၏ ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း၊ ထီးနန်းစိုးစံတော်မူခန်း၊ နိမိတ်ကြီးလေးပါးမြင်တော်မူခန်း၊ တောထွက်တော်မူခန်း၊ ဒုက္ကရစရိယာကျင့်တော်မူခန်း၊ ဘုရားဖြစ်တော်မူခန်း၊ ဓမ္မစကြာတရားဟောတော်မူခန်း၊ ယသသူဌေးသားရဟန်းပြုခန်း၊ ယသောဓရာကန်တော့ခန်းနှင့် ရာဟုလာအမွေတောင်းခန်း၊ ရောဟိဏီမြစ်ဝှမ်းတွင် ငြိမ်းချမ်းရေးတရားဟောတော်မူခန်း၊ ဘိက္ခုနီသာသနာခွင့်ပြုတော်မူခန်း၊ ခေမာမိဖုရားဆုံးမတော်မူခန်း၊ ရဟန်းများတန်ခိုးပြဋိဟာမပြရန် ပညတ်တော်မူခန်း၊ အဘိဓမ္မာတရား ဟောကြားတော်မူခန်း၊ ပါလိလေယျကတော၌ တစ်ပါးတည်းစံပျော်တော်မူခန်း၊ သိင်္ဂါလ သတို့သားအား ဆုံးမတော်မူခန်း၊ အက္ကောသဘာရဒွါဇပုဏ္ဏားအား ဆုံးမတော်မူခန်း၊ ရှင်အာနန္ဒာ၏ ပယ်လေးတန် ပန်လေးပါး ဆုရှစ်ပါး တောင်းခံတော်မူခန်း၊ ကာလမသုတ်ဟောတော်မူခန်း၊ ဂိလာနရဟန်းအား ပြုစုတော်မူခန်း၊ မာလုကျပုတ္တရဟန်းအား ဆုံးမတော်မူခန်း၊ မဟာသာလ ပုဏ္ဏားကြီးကို ဂါထာသင်ကြားပေးခန်း၊ ပဉ္စဂ္ဂပုဏ္ဏားထံမှ ဆွမ်းခံတော်မူခန်း၊ ဒေဝဒတ် သံဃာသင်းခွဲခန်း၊ အဇာတသတ်ကန်တော့ခန်း၊ အရှင်သာရိပုတ္တရာ၏ ချီးမွမ်းလျှောက်ထားခန်း၊ အမ္ဗပါလိ၏ ဆွမ်းပင့်လျှောက်ထားခန်း၊ ပရိနိဗ္ဗာန်စံတော်မူခန်း များကို ပန်းချီ၊ ပန်းပု၊ ရုပ်လုံးရုပ်ကြွ တို့ဖြင့် မွမ်းမံထားသည့် ပြကွက်အခန်းပေါင်း (၂၈) ခန်းကို ရောင်စုံလျှပ်စစ်မီးများ၊ ရုပ်အသံစနစ်တို့ဖြင့် ပြသထားပါသည်။ ထို့အပြင် ဗုဒ္ဓဂါယာမြေပုံ၊ မြန်မာပြည်မြေပုံများပေါ်၌ ဗုဒ္ဓ၏ သာသနာတော် စည်ပင်ရောက်ရှိပုံကိုလည်း စိတ်ဝင်စားဖွယ် ခင်းကျင်း ပြသထားပါသည်။
ဗုဒ္ဓဝင်ပြခန်းကြီး၏ အပေါ်ထပ်တွင် နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများထံတွင် ဂေါတမ မြတ်စွာဘုရား အလောင်းတော်မှ ဗျာဒိတ်ခံ၍ ပါရမီဖြည့်ကျင့်ပုံ ပန်းချီကား (၂၈) ချပ်နှင့် သင်္ဂါယနာ တင် နံရံဆေးပန်းချီကား (၆)ကား တို့ဖြင့် ခမ်းနားတင့်တယ်စွာ ပြသထားပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်