ရွှေတိဂုံစေတီတော် လမ်းညွှန်

ချမ်းသာကြီးတန်ဆောင်း

ရင်ပြင်တော်ပေါ်၌ အကြီးဆုံးသော ရုပ်ပွားတော်ကြီး ကိန်းဝပ်ရာ ဦးစံထွန်း+ဒေါ်နှစ်တန်ဆောင်း နှင့် ထိုတန်ဆောင်း၏ တောင်ဘက်တစ်ဆက်တည်းရှိ ဦးဘိုးကင်း+ဒေါ်သက်စုတန်ဆောင်း နှစ်ခုတွဲကို ချမ်းသာကြီး တန်ဆောင်းဟု လူသိများပါသည်။ ချမ်းသာကြီး ရုပ်ပွားတော်တည်ရှိရာ တန်ဆောင်းကို မြန်မာသက္ကရာဇ် ၁၂၄၄ (၁၈၈၂)ခုနှစ်တွင် ဦးစံထွန်း+ ဒေါ်နှစ် မိသားစုနှင့် တောင်ဘက်ကပ်လျက် တန်ဆောင်းကို မြန်မာသက္ကရာဇ် ၁၂၈၅ (၁၉၂၃)ခုနှစ်တွင် ဦးဘိုးကင်း+ဒေါ်သက်စု မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ တန်ဆောင်းအတွင်း၌ ချမ်းသာကြီး ဆုတောင်းပြည့်ဘုရား ကိန်းဝပ်စံပယ်တော်မူပါသည်။ ရုပ်ပွားတော်ကြီး သည် ရင်ပြင်တော်တွင် ထိုင်တော်မူရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးနှင့် လုံးပတ်တော်အကြီးဆုံး ဖြစ်ပါသည်။ ဉာဏ်တော်မှာ ပေ(၃၀)ရှိပြီး နေပူခံဘုရားဟုလည်း ခေါ်ကြပါသည်။
တန်ဆောင်းတော်ကြီးအား ၁၉၆၀ ခုနှစ်တွင် ဦးကြိုင်အား ပြင်ဆင်ခွင့်ပြုပြီး ဆရာခင်နှင့်သားများ ကန်ထရိုက်ဖြင့် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၁၉၉၈ခုနှစ်တွင် အရောင်အင်္ဂတေအခင်းများအစား ကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၉ခုနှစ်တွင် တန်ဆောင်းမှ အကာအရံများ ဖြုတ်ပယ်ရှင်းလင်းခဲ့ပါသည်။ ၂၀၀၀ပြည့်နှစ်တွင် လုပ်ငန်း ကော်မတီမှ ကြီးကြပ်၍ သွပ်ပန်းတဉ်းများ အစားထိုးပြုပြင်ခြင်း၊ အမာခံပိုင်းကို ဆောက်လုပ်ရေးအဖွဲ့(၁)က ပြုပြင်ခြင်း၊ မြန်မာမှုအပိုင်းကို သွပ်ပန်းတဉ်းအဖွဲ့က ဆောင်ရွက်ခဲ့ပါသည်။ တန်ဆောင်း၏ အကျယ်အဝန်းမှာ အလျား (၈၈)ပေ၊ အနံ (၄၀)ပေ ရှိပါသည်။ သံဃာစင် ရှိပါသဖြင့် အခမ်းအနားကြီးများ၊ အသံမစဲပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲများ ကျင်းပရာ တန်ဆောင်းကြီး ဖြစ်ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်