ရွှေတိဂုံစေတီတော် လမ်းညွှန်

သာသနာပြုမင်းကောင်းမင်းမြတ်များ၏ သမိုင်းဝင်အလှူဒါနကောင်းမှုတော်များ
ဘုရင်မကြီးရှင်စောပုကောင်းမှုတော်
သက္ကရာဇ် (၈၁၄)နှစ်တွင် ရာဇာဓိရာဇ်မင်း၏ သမီး‌တော် ဗညားကျန်းတောဘွဲ့ခံ ရှင်စောပုသည် ဟံသာဝတီထီးနန်းကို စိုးစံရာ ရွှေတိဂုံဆံတော်ရှင်အား ကြည်ညိုတော်မူလှသဖြင့် မိမိ၏ရွှေကိုယ်အလေးချိန် ၂၅ပိဿာ (၉၁ ပေါင်)နှင့် စက်၍ ညီမျှသော ရွှေကို မျက်ပါးခတ်ပြီး စေတီတော်ကြီးအား ရွှေသင်္ကန်းအပြည့်ကပ်လှူ၏။ ရင်ပြင်တော်ကို ကျောက်ပြားအပြည့် ခင်း၍ မဟာရံတံတိုင်းကြီး (၇ ထပ်) ပြုလုပ် တည်ဆောက်လှူဒါန်း၏။ မဟာရံတံတိုင်းအတွင်း ထန်း၊ အုန်း၊ ပေ၊ ကံ့ကော်၊ သရက်၊ ပိန္နဲစသော သစ်သီးဝလံပင်များ စိုက်ပျိုး၏။ စောင်းတန်းလေးဘက်တွင် ကျောက်လှေကားပြုလုပ်၏။ နယ်မြေလေးရပ်နှင့် ကျွန် (၅၀၀)လှူ၏။ ဘုရင်မကြီး၏ ကောင်းမှုများကို ထိန်းသိမ်း စောင့်ရှောက်ရန် ရာထူးအလိုက် လူပေါင်း (၁၀၀၆)ဦး တာဝန်ပေးချထားခဲ့ရာ ဘုရင်မကြီးရှင်စောပု လက်ထက်မှာပင် စတင်၍ ဝန်ထမ်းများ ခန့်ထားခဲ့ခြင်း ဖြစ်ပေသည်။ ထို့ပြင် ကြေးပိဿာချိန် (၁၇၀၀)ကိုလည်း ခေါင်းလောင်းသွန်းလုပ် လှူဒါန်းတော်မူ၏။ (ယခုခေါင်းလောင်းတော်မှာ ဘုရားကြီးတွင် မရှိတော့ကြောင်း မှတ်တမ်းများအရ သိရပါသည်။) ရှင်စောပု ဆုတောင်းပြည့်ဘုရားမှာလည်း ဘုရင်မကြီး ရှင်စောပု လှူဒါန်း ခဲ့သော ရုပ်ပွားတော်ဂူဘုရားဖြစ်ပါသည်။ (ရန်ကုန်မြို့၊ တော်လှန်ရေးပန်းခြံနေရာတွင် ရှင်စောပုကျွန်းဟူ၍ ရှိခဲ့သည်။ ဘုရင်မကြီး၏ သင်္ချိုင်းတော် အရိုးအိုးစေတီငယ်တစ်ဆူမှာ အစိုးရဂေဟာအနီး၊ ဝင်ဆာလမ်းတစ်ဘက်ရှိ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ရှိသည်ဟု ဆိုကြပါသည်။)
ဓမ္မစေတီမင်း ကောင်းမှုတော်
သက္ကရာဇ် ၈၂၀နှစ်တွင် နန်းတက်သော ရှင်စောပုဘုရင်မကြီး၏ သမက်တော်ဓမ္မစေတီမင်းမှာလည်း ဘာသာရေးလေးစားသော ရဟန်းလူထွက်ဖြစ်၍ ဘုရင်မကြီးကိုယ်စား ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သမိုင်းဝင်ကောင်းမှုတော်များ ဆက်လက်ပြုလုပ်ခဲ့ရာ ကြေးပိဿာချိန် တစ်သောင်းကို ခေါင်းလောင်းပြုလုပ်လှူဒါန်းခဲ့၏။ ထိုဓမ္မစေတီခေါင်းလောင်းတော် မှာ အဝ (၈)တောင်၊ အကျယ် (၁၂)တောင် ရှိ၍ သက္ကရာဇ် ၉၆၅ မှ ၉၇၄ ခုနှစ်အတွင်း သံလျင်မြို့စား ကုလားငဇင်ကာ (ပေါ်တူဂီလူမျိုး) ယူဆောင်သွားရာ ဒေါပုံမြစ်ထဲတွင် နစ်မြုပ် ပျောက်ဆုံးရပါသည်။ ထို့ပြင် ဓမ္မစေတီမင်းကြီးသည် ရွှေတိဂုံစေတီတော် တည်ထားပုံသမိုင်းနှင့် ဗညားဦး စသော မင်းများ၏ ကောင်းမှုကို ‌ရေးထိုးထားသည့် မွန်၊ မြန်မာ၊ ပါဠိ သုံးဘာသာဖြင့် ကျောက်စာတိုင်ကြီး (၃)ချပ်ကို ရင်ပြင်တော်၏ အောက်ပေ (၅၀)ခန့်နက်သောနေရာ အရှေ့ဘက်စောင်းတန်း၏ ဘေးတွင် စိုက်ထူလှူဒါန်း ခဲ့ပါသည်။ (ယခုအခါ ရွှေတိဂုံစေတီရင်ပြင်တော် တနင်္ဂနွေထောင့် အနောက်ဘက်တွင် ရှိပါသည်။) တဖန် ဓမ္မစေတီဘုရားနှင့် ကျား၊ ခြင်္သေ့ဘုရားများကို ခေါင်းလောင်းကြီးလှူသည့် နှစ် ၈၄၇ခုနှစ်မှာပင် လှူဒါန်းခဲ့သည်ဟု သိရှိရပါ သည်။ ယင်းဘုရားနှစ်ဆူမှာ ဆုတောင်းပြည့်အဓိဋ္ဌာန်အောင်မြင်ကြကာ ရွှေတိဂုံစေတီတော် အံ့ဖွယ်ဘုရားများအဖြစ် ထင်ရှားပြီး ရွှေတိဂုံ စေတီတော် တနင်္လာထောင့်ရင်ပြင်တော်အနီးရှိ ဘိုးဘိုးအောင်ဆုတောင်းပြည့်ဘုရား၏ အနောက်ဘက်တွင်ရှိပါသည်။
ဆင်ဖြူရှင်မင်းကောင်းမှုတော်
သက္ကရာဇ် ၁၁၃၀ပြည့်နှစ်တွင် အလောင်းမင်းတရားကြီး၏ ဒုတိယသားတော် ကုန်းဘောင်ဆင်ဖြူရှင်မင်းလက်ထက်တွင် မြေငလျင် ပြင်းစွာလှုပ်၍ ရွှေတိဂုံစေတီတော်ကြီးမှာ သပိတ်မှောက်အထက်ပိုင်းမှ ပြိုကျပြီး အောက်ခြေပန်းတည်ခုံများပါ ပျက်စီးရပါသည်။ ထိုအခါ ဆင်ဖြူရှင်မင်းသည် ယခင်ပစ္စယာအဟောင်းပေါ်တွင် စတုရန်းသံတောင်ကိုးရာဖွင့်ပြီး ကောင်းမွန်အောင် ပြင်ဆင်၏။ စေတီတော်ပြိုပျက်ရာတွင် ရသည့် ရွှေဆင်းတု ၆၂၅ ဆူ၊ ငွေဆင်းတု ၇၇၄၆ ဆူ၊ ကုသိုလ်တော် ရွှေဆင်းတု၊ ငွေဆင်းတုများနှင့် ရွှေစေတီ၊ ငွေစေတီများတွင် သီရိရဓါတ်တော်မွေတော်များကို ပတ္တမြားကြုတ်နှင့် သွင်းပြီး ဌာပနာတော်မူ ၏။ စေတီတော်၏ သပိတ်မှောက်အထက် လည်သီးသုံးဆင့်မှစ၍ သံတောင် (၈၇)တောင် (၂)မိုက်ကို ပြန်လည်တည်ဆောက်ရာတွင် ကုသိုလ်တော် ရွှေအုတ်၊ ငွေအုတ်တို့ဖြင့် ကြေးတစ်သိန်း၊ သံတစ်သိန်း တို့နှင့်ကွပ်ကာ ကြေးမှို၊ သံမှိုစွဲ၍ ‌ကောင်းမွန်သည်ထက် ကောင်းမွန်အောင် သေချာခိုင်ခံ့စွာ တည်ဆောက်လှူဒါန်းတော်မူ၏။ ထို့နောက် ကိုယ်တော်လေးရွှေစင် (၄၇)ပိဿာ၊ (၃၅)ကျပ်သားကို မျက်ပါးခတ်၍ ဆတ်သွားဖူးမှ ဖိနပ်တော်အထိ ရွှေလုံးပြည့်ဆက်ကပ်တော်မူသည်။ တင်လှူရန် ထီးတော်ကို သံတစ်ထပ်၊ ကြေးတစ်ထပ်ပြုလုပ်၍ ကြေးမှို၊ သံမှိုစွဲ၍ ခိုင်ခံ့အောင်ပြုလုပ်၏။ ထီးတော်၏ ပထမဘုံမှာ အချင်းကိုးတောင် နှစ်မိုက်ရှိ၏။ ထီးတော်ဘုံ (၇)ဆင့်နှင့် ဆတ်သွားဖူး၊ စိန်ပျံ၊ ငှက်မြတ်နားတို့ကို စုစုပေါင်း ရွှေပိဿာ (၂၇၀)ကို ခပ်လုပ်မွမ်းမံစေပြီး နဝရတ်ကိုးပါး၊ ကျောက်လုံးရေ (၁၅၀၃၈)လုံးဖြင့် စီခြယ်၏။ ရွှေဆည်းလည်း၊ ငွေဆည်းလည်း၊ ပဉ္စလောဟာ ဆည်းလည်းတို့ဖြင့် ထီးတော်ကို မွမ်းမံ၏။ သက္ကရာဇ် ၁၁၃၆ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် စစ်အင်္ဂါလေးပါး စီစဉ်ခင်းကျင်း၍ ရွှေထီးအထွတ် တင်လှူတော်မူ၏။
စဉ့်ကူးမင်းကောင်းမှုတော်
သက္ကရာဇ် ၁၁၃၈ခုနှစ်တွင် ဆင်ဖြူရှင်မင်း၏ သားတော် စဉ့်ကူးမင်းသည် ရွှေတိဂုံစေတီတော်ကို ရွှေမျက်ပါးသင်္ကန်း ကိုယ်လုံးတော် ပြည့်ကပ်လှူတော်မူ၏။ ရွှေတိဂုံစေတီတော် ရင်ပြင်တော်လေးမျက်နှာ၊ မုခ်လေးမုခ်တွင်လည်း တန်ဆောင်း၊ ပလ္လင်တော်နှင့်တကွ အရှေ့ဘက်မုခ်တွင် ကကုသန်ဘုရား၊ တောင်ဘက်မုခ်တွင် ကောဏဂုံဘုရား၊ အနောက်ဘက်တွင် ကဿပဘုရား (မူလရုပ်ပွားတော်မှာ မီးခသွားသဖြင့် အသစ်ပြုလုပ် ပူဇော်ထားပါသည်။) မြောက်ဘက်မုခ်တွင် ဂေါတမဘုရားတို့၏ ရုပ်ပွားတော်များကို ပဉ္စလောဟာဖြင့် ဥဒါန်းကျူးဟန် သွန်းလုပ်လှူဒါန်းခဲ့ပါသည်။
သက္ကရာဇ် ၁၁၄၀ ပြည့်နှစ်၊ တပို့တွဲလဆန်း (၁) ရက်နေ့တွင် “မဟာဃဏ္ဍ” ဘွဲ့အမည်တပ်ပြီး အချင်း (၅) တောင်၊ အရပ် (၇) တောင်၊ (၂) မိုက်၊ ကြေးပိဿာချိန်ပေါင်း (၁၅၅၅၅) တို့ဖြင့် ခေါင်းလောင်းတော်ကြီးကို စဉ့်ကူးမင်းကြီးမှ သွန်းလုပ်လှူဒါန်းခဲ့ပါသည်။ ရွှေတိဂုံစေတီတော် ရာဟုထောင့်ရှိ ခေါင်းလောင်းရုံထဲတွင် ချိတ်ဆွဲထားရှိပါသည်။ ခေါင်းလောင်းတော်ကြီး၏ အသံမှာ လွန်စွာသာယာပြီး ယင်း၏ အတိတ်သမိုင်း ဖြစ်ရပ်များက စိတ်ဝင်စားဖွယ်ကောင်းလှ၏။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ခရစ်နှစ် ၁၈၂၄ခုနှစ်တွင် အင်္ဂလိပ်တို့မှ အင်္ဂလန်နိုင်ငံသို့ပို့ရန် ခေါင်းလောင်းကြီးကို ရွှေတိဂုံကုန်းတော်ပေါ်မှ သယ်ယူကြပါသည်။ နယ်ချဲ့တို့ လှိုင်မြစ်အတွင်း စစ်သင်္ဘောပေါ်သို့ တင်ဆောင်စဉ် ခေါင်းလောင်းကြီးရေထဲကျသွားပါသည်။ နယ်ချဲ့တို့ ခေါင်းလောင်းကြီးအား ကြိုးစားဆယ်ယူသော်လည်း အောင်မြင်မှုမရခဲ့ပေ။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးသော် သံဃာတော်များ၏ မေတ္တာရပ်ခံချက်အရ ဗြိတိသျှအာဏာပိုင်များက ဆယ်ယူခွင့်ပြုခဲ့ရာ မြန်မာတို့၏ စည်းလုံးညီညွတ်မှု၊ ဗုဒ္ဓဘာသာအပေါ် အလေးအမြတ်ယုံကြည်မှုတို့ကြောင့် ခေါင်းလောင်းကြီးအား ဆယ်ယူရရှိခဲ့ပြီး မူလနေရာ ရွှေတိဂုံစေတီတော် ရာဟုထောင့် တွင် ပြန်လည်ချိတ်ဆွဲထားခဲ့ပါသည်။
သာယာဝတီမင်းကောင်းမှုတော်
အမရပူရ၊ ရွှေဘိုမြို့တော်ကို နှစ်ကြိမ်မြောက်ထူထောင်မင်းပြုသော သာယာဝတီမင်း (ရွှေဘိုမင်း)မိဖုရား၊ သားတော်၊ သမီးတော် များနှင့်တကွ စွန့်တော်မူပြီး ရွှေချိန် (၁၂)ပိဿာကို မျက်ပါးခပ်ပြီး ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းအပြည့်ကပ်တော်မူ၏။ တဖန် အရပ် သုံးတောင်တစ်မိုက် အနားလုံးပတ် တစ်ဆယ့်ငါးတောင်၊ ခါးစီးလုံးပတ် တစ်ဆယ့်သုံးတောင် တစ်မိုက်လေးသစ်၊ ကြေးစင်ပိဿာချိန် (၂၅၉၄၉) ပိဿာရှိ နရသီဟခြင်္သေ့လေးပါးစီပါသော ခေါင်းလောင်းတော်ကြီးကို ခုနှစ်ကြာပုံစံလှပအောင် ပြုလုပ်ပြီး သက္ကရာဇ် ၁၂၀၆ခုနှစ်၊ တပေါင်းလ တွင် ဟံသာဝတီမြို့ဝန် ကိုယ်တိုင်ကြပ်မတ်၍ ပွဲသဘင်ရုံခံကာ ရေစက်ချလှူဒါန်းခဲ့ပါသည်။ ရွှေတိဂုံစေတီတော်ရင်ပြင်တော် အရှေ့မြောက် တနင်္ဂနွေထောင့်တွင် ပြာသာဒ်နှင့်တကွ ချိတ်ဆွဲထားပါသည်။ ထိုခေါင်းလောင်းကြီးမှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ခေါင်းလောင်းများတွင် အကြီးဆုံးဖြစ်ပြီး‌ ခေါင်းလောင်းကြီးဘွဲ့တော်မှာ “မဟာတိသဒ္ဒဃဏ္ဍရာဇာ”ဟု အမည်တွင်၏။
ထို့ပြင် သာယာဝတီမင်းကြီးသည် သံသေဆည်းလည်းနှစ်လုံးကိုလည်းကောင်း၊ သာယာဝတီမင်း၏ မိဖုရား အနောက် နန်းမတော် မမြလေးမှအနောက်ဘက်စောင်းတန်းကြီးအား ပြင်ဆင်ဆောက်လုပ်ပြီး မြောက်ဘက်မုခ်၌လည်း စောင်းတန်းများ ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။
မင်းတုန်းမင်းကြီးကောင်းမှုတော်
သက္ကရာဇ် ၁၂၁၄ခုနှစ်တွင် မင်းတုန်းမြို့စား ဘဝရှင်မင်းတရားကြီးသည် အမရပူရရွှေနန်းကို သိမ်းပိုက်၍ မန္တလေးမြို့သစ်ကို တည်ထောင် ပြီးစံတော်မူစဉ် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့ရာ ရွှေတိဂုံတည်ရှိရာ သိင်္ဂုတ္တရကုန်းတော်မှာ အင်္ဂလိပ်အုပ်ချုပ်ရာ နယ်မြေအတွင်း ကျရောက်လျက်ရှိ၏။ သက္ကရာဇ် ၁၂၃၁ခုနှစ် ရောက်‌သောအခါ သက္ကရာဇ် ၁၁၃၆ခုနှစ်က ဆင်ဖြူရှင်မင်းတရားကြီး တင်လှူခဲ့သော ထီးတော်မှာ နှစ်ပေါင်း (၉၅)နှစ် ကျော်ပြီဖြစ်၍ ဟောင်းနွမ်းနေကြောင်း စစ်ကဲကြီး ဦးထော်လေး၊ ဦးထွန်းအောင် အမှူးရှိသော ရာမညတိုင်းသား ပြည်သူများက မင်းတုန်းမင်းကြီးအား လျှောက်ထားကြ၏။ မင်းကြီးလည်း ဝမ်းမြောက်စွာဖြင့် ထီးတော်ကို ပြုလုပ်စေရာ ပထမဘုံ ထီးဝ (၉)တောင် (၂)မိုက် (၄)သစ် အရပ် (၂)တောင် (၁)မိုက်မှစ၍ ပထမဘုံမှ သတ္တမဘုံအထိ ထီးတော် အရပ် (၁၄)တောင် (၇)သစ်၊ ကလပ်၊ ဆပ်သွားဖူး၊ ငှက်မြတ်နား၊ စိန်ဖူးအထွတ်အထိ (၈)တောင် (၁)သစ် နှစ်ရပ်ပေါင်း ထီးတော်အမြင့် (၂၂)တောင် (၁)မိုက်ရှိသော ထီးတော်ကြီးကို ပြုလုပ်ပြီး ရွှေ၊ ငွေ၊ ရတနာ၊ ရွှေသားချိန် (၂၀၂၉၉)ကျပ် (၄)မူး၊ ကျောက်နီကြီး၊ ကျောက်နီလတ်၊ ကျောက်နီသေး၊ မြကြီး၊ မြလတ်၊ မြလေး၊ စိန်အကြီး၊ စိန်အလတ်၊ စိန်အသေး၊ ကြောင်၊ နီလာ၊ ပုလဲ၊ ဥဿဖယား၊ ဂေါ်မိတ်၊ သန္တာ၊ အလုံးရေပေါင်း (၃၆၄၁၁)လုံးတို့ဖြင့် စီခြယ်မွမ်းမံတော်မူ၏။
ထီးတော်သစ်ကြီးလုပ်ဆောင်ပြီး သက္ကရာဇ် ၁၂၃၃ခုနှစ်၊ နတ်တော်လဆန်း (၈)ရက်မှ (၁၅)ရက်တိုင်တိုင် မင်းတုန်း မင်းကြီးကိုယ်စား ပုပ္ပါးမြို့စားမင်းကြီး “မဟာမင်းကျော်မင်းထင်” ကြီးမှူး၍ သိင်္ဂုတ္တရကုန်းတော်တွင် စည်ကားစွာ ပွဲသဘင်ခင်းကျင်းလျက် မင်းတုန်းမင်းကြီး၏ ထီးတော်အသစ်ကို ခမ်းနားစွာတင်လှူတော်မူ၏။ စေတီတော်ကိုလည်း လုံးတော်ပြည့်ရွှေသင်္ကန်းကပ်တော်မူ၏။
နယ်ချဲ့လက်အောက် အများပြည်သူကောင်းမှုတော်
သက္ကရာဇ် ၁၂၃၃ခုနှစ်တွင် မင်းတုန်းမင်း ကောင်းမှုတော်အနေဖြင့် ရွှေထီးတော်သစ်တင်လှူပြီးနောက် ၁၂၃၄ (ခရစ်နှစ် ၁၈၇၁)တွင် အင်္ဂလိပ်အစိုးရက ဂေါပကအဖွဲ့ဝင် (၅)ဦးရွေးချယ်ခန့်ထားခဲ့ပါသည်။ ဂေါပကလူကြီးများ ခန့်ထားစာနှင့်အတူ ဂေါပကအဖွဲ့ဝင် လူကြီးများအား လုပ်ပိုင်ခွင့်(၁၄)ရပ် ပြဋ္ဌာန်းပေးခဲ့ပါသည်။ လုပ်ပိုင်ခွင့်(သို့မဟုတ်)စည်းမျဉ်းစည်းကမ်း ပီပီပြင်ပြင် စတင်ပေါ်ပေါက် လာခဲ့ပါသည်။
၁၈၈၅ခုနှစ်တွင် ရွှေတိဂုံဂေါပကလူကြီးများ လိုက်နာဆောင်ရွက်ရန် စကင်းဥပဒေကို တရားမမှုစွဲဆိုပြီး ရီကော်ဒါမင်းကြီးက အမိန့်ချ အတည်ပြုခဲ့ပါသည်။
ထိုကာလတွင် တာဝန်ယူဆောင်ရွက်သော ဘဏ္ဍာ‌တော်ထိန်းလူကြီးများသည် ရွှေတိဂုံစေတီတော်အား အင်္ဂလိပ်စစ်တပ် တပ်စွဲထားခြင်း ကိုဖယ်ရှားပေးရန် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့ကြပါသည်။
အင်္ဂလိပ်အစိုးရအုပ်ချုပ်မှုလက်အောက်တွင် ဘဏ္ဍာ‌တော်ထိန်း လူကြီးများသည် သတ်မှတ်ထားရှိသော စည်းမျဉ်းဘောင် အတွင်းမှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူခြင်းအပါအဝင် သာသနိကအဆောက်အဦးများ ပြုပြင်မွမ်းမံတည် ဆောက်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
‌ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်ပျောဖူး‌တော်တွင် တစ်ပေပတ်လည်ရွှေပြားသင်္ကန်းတော်များ ကပ်လှူခြင်းကို ၁၂၆၀ခုနှစ်တွင် စတင် ခဲ့ပြီး ၁၂၆၆ခုနှစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့သောကြောင့် ငှက်ပျောဖူး‌တော် ရွှေပြားဖွင့်ပွဲအခမ်းအနားကို အင်္ဂလိပ်အစိုးရအရာရှိ အကြီးအကဲနှင့် ဟံသာဝတီဂိုဏ်းအုပ် ဘုန်းတော်ကြီးတို့က ဦးဆောင်ကာ အမြောက်၊ သေနတ်များ ပစ်ဖောက်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
နိုင်ငံ‌တော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကောင်းမှုတေ
ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကျက်သရေဆောင် ပုံရိပ်သာသနိကအဆောက်အအုံ ကြီးဖြစ်သောကြောင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်မှုသာမက တင့်တယ်ကြည်ညိုဖွယ်၊ ဂုဏ်ယူဖွယ်ဖြစ်ရန်လည်း လိုအပ်လှပါသည်။ စေတီတော်‌ဂေါကအဖွဲ့သည် စွမ်းနိုင်သမျှသော ပညာရှင်အင်အား၊ ဘဏ္ဍာငွေအင်အားဖြင့် ရွှေတိဂုံစေတီတော်ကြီး နှင့်တကွ သာသနိကအဆောက်အဦး များအား ထိန်းသိမ်းစောင့်ရှောက်သော်လည်း လုပ်ငန်းပမာဏ များပြားလွန်းလှသောကြောင့် သာသနိကအဆောက်အဦးများအား စနစ်တကျ ပြည့်စုံလုံလောက်စွာ ထိန်းသိမ်းစောင့်ရှောက်ရန်မှာ များစွာ ခက်ခဲလှပါသည်။ စေတီတော် မြတ်ကြီးနှင့်တကွ အရံသာသနိက အဆောက်အဦးများအား ရေရှည်တည်တံ့ခိုင်ခံ့စေရန် ရှေးယခင် မင်းဘုရင်အဆက်ဆက်ကပင် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည့်နည်းတူ မျက်မှောက်ကာလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရသည် ဗုဒ္ဓမြတ်စွာ သာသနာတော်အား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျောညီထွေ စေရန်လည်းကောင်း၊ ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများထံ လျှောက်ထား သြဝါဒခံယူပြီး ‌ဂေါပကအဖွဲ့ကို ဦးဆောင်၍ ရွှေတိဂုံစေတီမြတ်ကြီးနှင့်တကွ အရံသာသနိက အဆောက်အဦးများအား တင့်တယ်ဝင့်ထည်စွာ ‌ရေရှည်တည်တံ့ခိုင်ခံ့စေရန် ထိန်းသိမ်း စောင့်ရှောက်ခဲ့ပါသည်။
နိုင်ငံတော်အစိုးရသည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်တာဝန်များကို စတင် လွှဲပြောင်းထမ်းဆောင်ပြီးနောက် ၁၉၈၉ ခုနှစ်မှ စတင်ကာ ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း၌-သိင်္ဂုတ္တရဥယျာဉ်တော်တည်ဆောက်ခြင်း၊မဟာဗုဒ္ဓဝင်ပြခန်းတည်ဆောက်ခြင်း၊ ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်တည်‌ဆောက်ခြင်းအစရှိသော စီမံကိန်းလုပ်ငန်းကြီး (၃)ရပ်တို့အား ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်ကာလ အတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ဝတ္တကမြေ အနောက်ဘက်မျက်နှာစာနှင့် တစ်ဆက်တည်းတွင် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ကြီးကိုလည်း နိုင်ငံတော်မှ ဦးစီးတည်ဆောက်ခဲ့ပေသည်။ ပြည်သူ့ရင်ပြင်၊ သိင်္ဂုတ္တရဥယျာဉ်နှင့် ရွှေတိဂုံစေတီတော်တို့အား ကူးသန်းသွားလာရေးတွင် အဓိက ကျသော အနောက်ဘက်စောင်းတန်းကြီးသည် ရှည်လျားမတ်စောက်သောကြောင့် ဘုရားဖူးပြည်သူများ သက်သာလွယ်ကူစွာ တက်ဆင်း နိုင်စေရန် အ‌နောက်ဘက်စောင်းတန်း၌ စက်လှေကားများတည်ဆောက်ခြင်းလုပ်ငန်းကြီးကိုပါ ဆောင်ရွက်ခဲ့ပါသည်။
၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရသည် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့်တကွ သာသနိကအဆောက်အဦးများ ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် ရွှေတိဂုံစေတီတော် ထာဝရဘက်စုံ ပြုပြင်မွမ်းမံတည်ဆောက်ရေး ကော်မတီကို ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့ပါသည်။

ဦးစီးကော်မတီအောက်တွင် လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆပ်ကော်မတီအသီးသီးတို့ကိုပါ စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ် ဖွဲ့စည်းပေးခဲ့ပါသည်။

ရွှေတိဂုံစေတီတော် ထာ၀ရဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေး နာယကအဖွဲ့နှင့်ဦးစီးကော်မတီသည် (၂၅-၇-၁၉၉၅) ရက်နေ့တွင် ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများထံ လျှောက်ထားသြဝါဒခံယူ၍ ‌ရွှေတိဂုံစေတီတော်၌ အကောင် အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းကြီး(၃၆)ရပ်ကို လျာထားသတ်မှတ်ပြီး ပထဦးစွာ လုပ်ငန်းကြီး (၁၀)ရပ်ကို ဦးစားပေး စတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည်။ ယင်းတို့မှာ-

( ၁ ) စေတီတော်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းလုပ်ငန်း

( ၂ ) အရှေ့ဘက်စောင်းတန်းကြီး အသစ်ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်း

( ၃ ) တောင်ဘက်စောင်းတန်းကြီး အသစ်ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်း

( ၄ ) အရှေ့ဘက်ဓါတ်လှေကားနှစ်စင်း အသစ်တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်း

( ၅ ) တောင်ဘက်ဓါတ်လှေကားနှစ်စင်း အသစ်တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်း

( ၆ ) ရင်ပြင်တော်ကျောက်ပြားများ အသစ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း

( ၇ ) ဂြိုဟ်တိုင်နှင့်ဆီမီးတင်ခုံများ အသစ်မွမ်းမံပြုလုပ်ခြင်း လုပ်ငန်း

( ၈ ) အနောက်ဘက်စောင်းတန်းရှိ တိုင်လုံးများ မှန်စီရွှေချ မွမ်းမံခြင်းလုပ်ငန်း

( ၉ ) အနောက်ဘက်စောင်းတန်းတွင် နိုင်ငံခြားသားဧည့်သည်များ ခေတ္တနားနေဆောင်တည်ဆောက်ခြင်းလုပ်ငန်း

( ၁၀ ) သိင်္ဂုတ္တရဥယျာဉ်တော် ပြန်လည်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းတို့ဖြစ်ကြလေသည်။

ရွှေတိဂုံစေတီတော် ထာဝရဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေးကော်မတီသည် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီအသီးသီးတို့ကို စနစ်တကျဖွဲ့စည်းကာ ရဟန်းရှင်လူပြည်သူအပေါင်းတို့၏ စုပေါင်းလှူဒါန်းသော အလှူတော်ငွေများဖြင့် သာသနိကအဆောက်အဦးများ ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ခြင်း လု်ပငန်းများကို စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၁၉၉၈ ခုနှစ်ကုန်ပိုင်းတွင် ဦးစားပေးလုပ်ငန်းကြီး (၁၀)ရပ်သာမက လုပ်ငန်းငယ်ပေါင်း များစွာကိုပါ ဆောင်ရွက်ပြီးစီးခဲ့ပါ သည်။ မူလလျာထားသော လုပ်ငန်း၌ မပါဝင်သော ‌မြောက်ဘက်စောင်းတန်း မွမ်းမံတည်ဆောက် ခြင်း၊ ‌မြောက်ဘက်ဓါတ်လှေကားမွမ်းမံ တည်ဆောက်ခြင်း၊ ‌မြောက်ဘက်ဂါလံ(၂၄၀၀၀)ဆံ့ ကွန်ကရစ်ရေစင်ကြီး၊ အနောက်ဘက်ခြင်္သေ့ရုပ်ထုကြီးများတည်ဆောက်ခြင်း၊ တောင် ဘက်အာရုံခံမုခ်ဦး တန်ဆောင်းမွမ်းမံခြင်း လုပ်ငန်းကြီးများကိုပါ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

၁၉၉၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့်အတူ လုံးတော်ပြည့်‌ကြေးဘောင်၊ ကြေးပြား ကပ်လှူခြင်း၊ ရွှေပြားသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း၊ ရွှေမျက်ပါးသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခြင်းစသော အလှူတော် လုပ်ငန်း‌ပေါင်း များစွာကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

သက်တမ်း ၁၂၈ နှစ် ကြာမြင့်ခဲ့ပြီးဖြစ်သော မင်းတုန်းမင်းတရားကြီး၏ထီးတော်မှာ လေဒဏ်၊ မိုးဒဏ် အကြိမ်ကြိမ်ခံခဲ့ရ သဖြင့် ပျက်စီးယိုယွင်းမှုများရှိခဲ့ပြီး ကြံ့ခိုင်မှုစွမ်းရည် နည်းပါးလာသည်ကို လေ့လာသိရှိရသည့်အခါ ရွှေတိဂုံစေတီတော်ကြီးကို ထီးတော် အသစ် ပြုလုပ်ပူဇော်ရန် စတင်ဆောင်ရွက်ခဲ့ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်