ရွှေတိဂုံစေတီတော် လမ်းညွှန်

အရှေ့ဘက်စောင်းတန်း

အရှေ့ဘက်စောင်းတန်းသည် ဗြိတိသျှခေတ်က ဆောက်လုပ်ခဲ့သော စောင်းတန်းကြီးဖြစ်ပါသည်။ ယခင်က စောင်းတန်းကြီးမှာ လူနေအိမ်များအကြား ညှပ်နေသလိုဖြစ်ပြီး ပျက်စီးယိုယွင်းနေသောကြောင့် ၁၉၉၅ ခုနှစ် ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ခြင်းကာလတွင် အသစ်ပြန်လည် တည်ဆောက်ခဲ့ပါသည်။ အရှေ့ဘက် စောင်းတန်းမုခ်ဦးတွင် ယခင်က ခြင်္သေ့ရုပ် မရှိခဲ့သည့်အတွက် ခြင်္သေ့ရုပ် ၂ ရုပ် ထည့်သွင်း တည်ဆောက်ခဲ့သည်။
အရှေ့ဘက်စောင်းတန်းကို ခရစ်နှစ် ၁၉၁၃ ခုနှစ်နှင့် ၁၉၃၅ ခုနှစ်တို့တွင် ဆောက်လုပ်ခဲ့သည့် အမှတ်အသားများရှိသည်။ ၁၉၃၁ ခုနှစ်တွင် စေတီတော်ကြီးကို မီးခစဉ်က အနောက်ဘက်စောင်းတန်းမှ တက်လာသောမီးသည် အရှေ့ဘက်စောင်းတန်းရှိ ဓမ္မစေတီကျောက်စာရုံအပါအဝင် အဆောက်အဦအချို့ လောင်ကျွမ်းပျက်စီးခဲ့သောကြောင့် ရှေးဟောင်းလက်ရာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ အရှေ့ဘက်စောင်း တန်း ပြင်ဆင်ဆောက်လုပ်နေစဉ် အရှေ့ဘက် အလယ်ပစ္စယာဘက် ဆင်းသည့်နေရာတွင် ဓမ္မစေတီ ကျောက်စာများထားရှိရာ နေရာဟောင်းရှိသည်။
စောင်းတန်းတစ်လျှောက်တွင် စောင်းတန်းတော်ကြီးပုံ၊ ကန်တော်ကြီးမှ ရွှေတိဂုံစေတီတော်သို့ ညရှုခင်း၊ ဘုရားလောင်း သုမေဓါရသေ့ ဗျာဒိတ်ခံယူပုံ၊ သုမေဓါသူဌေးသား ပစ္စည်းများစွန့်ကြဲနေပုံ၊ ဇာတ်တော်ကြီးဆယ်ဘွဲ့၊ ဗုဒ္ဓဝင်၊ အောင်ခြင်းရှစ်ပါး စသည့် ပန်းချီကားချပ်များနှင့် ဗုဒ္ဓဝင်သစ်ထွင်း ပန်းချီ ကားချပ်များနှင့် ဇာတ်ကြီးဆယ်ဘွဲ့ ရုပ်ကြွပန်းချီကားချပ်များ ရှိသည်။
စောင်းတန်းတစ်လျှောက်တွင် နိဗ္ဗာန်ကုန်ဆိုင်များနှင့် ပန်းဆိုင်များကို မြင်တွေ့နိုင်ပါသည်။ နိဗ္ဗာန် ကုန်ဆိုင်များတွင် ကျောက်၊ ဆင်စွယ်၊ သစ်သား၊ ကြေးတို့ဖြင့် ထုလုပ်သွန်းလောင်းထားသော ရုပ်တု ပုံတော်အမျိုးမျိုး၊ ဘုရားကျောင်းဆောင်များ၊ ပလ္လင်များ၊ ပုတီးအမျိုးမျိုး၊ ကြေးစည်၊ ကြေးဖလား၊ အမွှေးနံ့သာတိုင် စသည်တို့ကို ခင်းကျင်းရောင်းချထားပါသည်။
အရှေ့ဘက်စောင်းတန်းတော်ကြီး အသစ်ဆောက်လုပ်ရာတွင် စုစုပေါင်း ကျပ် ၃၁၀၂ သိန်းကျော် ကုန်ကျခဲ့ပြီး ၂၄-၆-၁၉၉၇ ရက်နေ့တွင် ပြီးစီးခဲ့သည်။ ၂၈-၆-၁၉၉၇ ရက်နေ့တွင် ရေစက်ချ အလှူမင်္ဂလာ အခမ်းအနားကျင်းပခဲ့ပြီး စောင်းတန်းတော်ကြီးဖွင့်ပွဲ အခမ်းအနားကို ၂၉-၆-၁၉၉၇ ရက်နေ့တွင် ခမ်းနား ကြီးကြယ်စွာ ကျင်းပဖွင့်လှစ်ခဲ့သည်။

စတင်တည်ဆောက်သည့်နေ့ – ၁၃-၆-၁၉၉၅
ပြီးစီးသည့်နေ့ – ၂၄-၆-၁၉၉၇
စောင်းတန်းအရှည် – ၇၇၄.၈ ပေ
ပြာဿဒ်ဆောင်ပေါင်း – ၅ ဆောင်
လှေကားထစ်ပေါင်း – ၂၀၄ ထစ်
တိုင်လုံးပေါင်း – ၂၃၈ လုံး
ဆိုင်ခန်းပေါင်း – ၁၄၀ ခန်း
စောင်းတန်းအကျယ် – ၈၉ ပေ

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်