ခေတ်အဆက်ဆက်အခြေအနေ

ရွှေတိဂုံစေတီတော်ကြီး၏ ခေတ်အဆက်ဆက် ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွား စည်ပင်မှုအခြေအနေ
မင်းအဆက်ဆက်တိုးတက်ပြောင်းလဲလာသော မြတ်ဘုရားရွှေတိဂုံ
“သာသနာအစ ရွှေတိဂုံက” ဟုဆိုသည့်အတိုင်း ‌ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ‌ဂေါတမဘုရားရှင် ပွင့်တော်မူ ပြီးနောက် အစောဆုံးတည်ထားကိုးကွယ်ခဲ့သော ဆံတော်ရှင်စေတီတော်မြတ်ကြီးဖြစ်ပေရာ မင်းအဆက်ဆက်နှင့် ပြည်သူများက သဒ္ဓါတရား ထက်သန်စွာ ဆက်လက်ကြည်ညို ကိုးကွယ်ခဲ့ကြပါသည်။‌ စေတီ‌တော်ကြီးအား မူလအနေ အထားမှ တိုးချဲ့ပြုပြင်တည်ဆောက်ခဲ့ခြင်း၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးချို့ယွင်းမှုများအား ပြန်လည်မွမ်းမံ တည်ဆောက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြ၍ ယနေ့မြင် တွေ့ရသည့်အတိုင်း ကမ္ဘာ့အလယ်အံ့ဖွယ် မကုန်သည့် မဟာစေတီတော်ကြီးအဖြစ် ထင်ရှားကျော်ကြားနေရခြင်း ဖြစ်ပေသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဥက္ကလာပမင်းကြီးနှင့် ကုန်သည်ညီနောင်တို့မှ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့တွင် တည်ထားပြီး ယင်းနောက်ပိုင်း မင်းအဆက်ဆက်နှင့် ပြည်သူတို့မှ ဆက်လက်ပူဇော် ထိန်းသိမ်း တည်ဆောက်ခဲ့ကြရာ၌ ဥက္ကလာပမင်းကြီး၏ သားတော်၊ မြေး‌တော်၊ မြစ်တော်၊ ဆယ့်နှစ်ဆက်သော မင်းတို့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆက်လက် စောင့်ရှောက် ပူဇော်ခဲ့ကြပါသည်။

သာသနာသက္ကရာဇ် ၁၀၁ခုနှစ်တွင် သရေခေတ္တရာပြည်တွင် နန်းတက်သော ဒွတ္တပေါင်မင်းကြီးသည် ဆံတော်မြတ် ကြီးအား ပင့်ဆောင်ရန် ကြံဆောင်သော်လည်း မအောင်မြင်သဖြင့် ရွှေထီး၊ ရွှေတံခွန်၊ ပန်းပေါက်ပေါက်စသော ရတနာတို့ဖြင့် ပူဇော်ခဲ့ ပါသည်။

သာသနာသက္ကရာဇ် ၂၁၈ခုနှစ်တွင် မဇ္ဈိမဒေသတွင် မင်းဖြစ်သော သီရိဓမ္မာသောက မင်းကြီးလက်ထက်တွင် ရာမည တိုင်းသည် သာသနာမှေးမှိန်လျက် ရွှေတိဂုံစေတီတော်မှစ၍ သိင်္ဂုတ္တရကုန်းတော်ကြီး တောချုံအတိဖြစ်နေပေ၏။ ထိုအခါသီရိဓမ္မာသောက မင်းကြီးသည် မဇ္ဈိမဒေသတွင် တတိယသံဂါယနာတင်တော်မူ၏။ သာသနာသက္ကရာဇ် ၂၃၆ခုနှစ်တွင် အရှင်သောဏထေရ်နှင့် ဥတ္တရ ထေရ်မြတ်တို့သည် သိင်္ဂုတ္တရကုန်းတော်၌ ဆံတော်ရှိ ကြောင်း သီရိဓမ္မာသောကမင်းကြီးအား ကြားသိစေရာ မင်းကြီးလည်း မှူးမတ် အပေါင်းခြံရံ ၍ ကုန်းတော်မှ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းပြီး ရွှေထီး၊ ငွေထီး၊ ရွှေတံခွန်၊ ငွေတံခွန်၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်တို့ဖြင့် ပူဇော်၏။ ထိုအခါ ဆံတော်ရှင်ဓါတ်မြတ်သည် ကောင်းကင် ထက်၌ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးတော်မူ၏။

ကောဇာသက္ကရာဇ် ၄၀၆ တွင် ပုဂံပြည်၊ အနော်ရထာမင်းသည် ဆံတော်မြတ်အား ပင့်ဆောင်ရန် ကြံဆောင်ခဲ့ရာ မအောင်မြင်သဖြင့် စေတီတော်အား ရတနာအမျိုးမျိုးတို့ဖြင့် ပူဇော်၏။

သက္ကရာဇ် ၇၃၃ခုနှစ်တွင် ရာမညတိုင်း၊ ဟံသာဝတီတွင် မင်းပြုသော ဆင်ဖြူရှင် ဗညားဦး (ခရစ်နှစ် ၁၃၅၃-၁၃၅၈) သည် ပြိုပျက်နေသော ဆံတော်ရှင်စေတီတော်ကို ဥက္ကလာပမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ဉာဏ်တော် (၄၄) တောင် အမြင့် အတိုင်းထား၍ ထပ်မံတည်ဆောက်‌တော်မူ၏။ ဒဂုံ၊ ဒလ၊ သံလျင်၊ မုတ္တမ မင်းတို့ကလည်း ဆင်ဖြူရှင် ဗညားဦးမင်းကြီးနှင့်အတူ ပူးပေါင်း လုပ်ဆောင်ပူဇော်ကြပါသည်။

သက္ကရာဇ် ၇၄၅ခုနှစ်တွင် ရာဇာဓိရာဇ်မင်းသည် မင်းသားဘဝကပင် ရွှေတိဂုံစေတီ တော်ကြီးအား ပူဇော်၍ မင်းဖြစ်ရန် ဆုတောင်းခဲ့ပေသည်။

မူလဉာဏ်တော် (၄၄) တောင်မှ (၃၂၆)‌ ပေအထိ တိုးတက်မြင့်မားလာခြင်း

သက္ကရာဇ် (၇၉၀) ပြည့်နှစ်တွင် ရာဇာဓိရာဇ်၏ သားတော်(ရှင်စောပု ဘုရင်မကြီး၏ အစ်ကိုတော်) ဗညားရန် (ဗညားရန် ခိုက်မင်း) (ခရစ်နှစ် ၁၄၂၆-၁၄၄၆) လက်ထက်တွင်မြေ ငလျင်ကြီးစွာ လှုပ်ခတ်ရာ ရွှေတိဂုံဆံတော်ရှင်စေတီတော်သည် ခေါင်းလောင်း အထိပြိုကျလေ၏။ ထိုအခါ ဗညားရန်ခိုက်မင်းသည် စေတီတော်ကို တိုးချဲ့ဆောက်တည် ပူဇော်ရန် အကြံဖြင့် ပထမစေတီပန်းခုံတော် (၂၂) တောင်ကို အတောင် (၁၃၀) တိုင်အောင် တိုးချဲ့၏။ အတောင် (၁၃၀) ပန္နက်ချပြီး ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သံလွဲ၊ မြေတို့ဖြင့် ပြုလုပ်သော အုတ်အမျိုးမျိုးတို့ဖြင့် တည်ဆောက်တော်မူရာ အောက်ကလပ်ခြေမှ ပန်းတည် ကလပ်ခြေ ပစ္စယာ (၂) ဆင့်သာ ပြီးစီးခဲ့ပြီး နတ်ရွာစံခဲ့၏။
သက္ကရာဇ် (၈၀၉)ခုနှစ်တွင် ဗညားရန်ခိုက်မင်း၏ တူတော်ရှင်စောပု၏ သားတော် ဗညားဗရူမင်း (ခရစ်နှစ် ၁၄၄၆-၁၄၅၀)မှ ရွှေတိဂုံပစ္စယာနှစ်ဆင့်မှ ဆက်လက်တည်‌ ဆောက်တော်မူရာ သက္ကရာဇ် (၈၁၁)တွင် နတ်ရွာစံသဖြင့် ပစ္စယာငါးဆင့်သာပြီး၏။
သက္ကရာဇ် (၈၁၁) ခုနှစ်တွင် နန်းတက်သော ရှင်စောပု၏ မောင်တော်ဗညားကင်းဒေါ (ဗညားကျန်း) (ခရစ်နှစ် ၁၄၄၆-၁၄၅၀) မင်းမှ တစ်ပိုင်းတစ်ဝက်ရှိနေသေးသော တိဂုံဆံတော်ရှင်စေတီတော်ကြီးအား ဆက်လက်တည်ဆောက်တော်မူ၏။ ပစ္စယာငါးဆင့်မှ ရင်ဖွဲ့စည်း၊ သပိတ်မှောက်၊ ခေါင်းလောင်းပုံ၊ ဖေါင်းရစ်၊ ကြာမှောက်၊ ကြာလန်၊ ရွဲ၊ ခရားသီး၊ ငှက်ပျောဖူး ရောင်လျှံတော်အထိ အမြင့်ပေ (၃၀၂) ပေအထိ ထပ်မံ တည်ဆောက်လှူဒါန်းခဲ့ သည်။ ဤသို့ ဗညားဗရူးနှင့် ဗညားကင်းဒေါတို့ ကောင်းမှုပြုလုပ် ပြင်ဆင်သောအချိန်၌ ရှင်စောပု၏ ကြပ်မတ်ဆောင်ရွက်မှုများ ပါဝင်ခဲ့ပေရာ ဥက္ကလာပမင်းကြီး တည်ထားခဲ့သော ရွှေတိဂုံစေတီတော် အမြင့်ပေ (၃၀၂)ပေထိ ဉာဏ်တော် အမြင့်တိုင်အောင် ၁၄၃၆ခုနှစ်တွင် ဟံသာဝတီပြည့်ရှင် မွန်ဘုရင်မကြီး ရှင်စောပုနှင့် မောင်တော်ဗညားကင်းဒေါ (ဗညားကျန်း) တို့မှ ထပ်မံလှူဒါန်း ပူဇော်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
ဘုရင်မကြီး လှူဒါန်းသော ဉာဏ်တော်အမြင့် (၃၀၂)ပေမှာ ၁၄၃၆ခုနှစ်မှ ၁၇၆၈ခုနှစ်အထိ ကြာမြင့်စွာဖူးမြင်ရပါသည်။ ၁၇၆၈ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့တွင် မြေငလျင်ကြီးစွာလှုပ်သောကြောင့် ရွှေတိဂုံစေတီတော်ကြီးမှာ သပိတ်မှောက်အထက်ပိုင်းမှ ပြိုကျသွားပါသည်။ ထိုသို့ ပြိုကျရာတွင် အောက်ခြေပန်းတည်ခုံများပါ ပျက်စီးသွားပါသည်။
ထိုအခါ ကုန်းဘောင်မင်းဆက်မှ အလောင်းမင်းတရားကြီး၏ သားတော်ဆင်ဖြူရှင်မင်းသည် ယခင်ပစ္စယာအဟောင်း ပေါ်တွင် သံတောင်ကိုးရာဖွင့်၍ စေတီတော်ကြီး၏ အောက်ခြေဖိနပ်တော် ပစ္စယာကို ပတ်လည် အကျယ် (၁၄၂၀) ပေထား၍ အမြင့်ကို (၂၀ ဒဿမ ၁၁) ပေထားပြီး အထက်သို့ ဆက်လက်တည်ထား ကိုးကွယ်တော်မူရာ အောက်ခြေ ဖိနပ်‌တော်မှ အထက်စိန်ဖူးတော်အထိ (၃၂၆)ပေ မြင့်လာပါသည်။ ယခုဖူးတွေ့နေရသော ရွှေတိဂုံစေတီတော်ကြီး၏ ဉာဏ်တော်အမြင့်ပေ (၃၂၆)‌ပေမှာ ဆင်ဖြူရှင်မင်း တည်ထားခဲ့ သော ဉာဏ်တော်အမြင့်ပေ ဖြစ်ပါသည်။
ထို့ကြောင့် ရွှေတိဂုံစေတီတော်ကြီးကို ယခုအချိန်အထိ သုံးကြိမ်သုံးခါတည်ဆောက် ထားသည်ဟု မှတ်တမ်းများက ဆိုပါသည်။ ပထမအကြိမ် မဟာသက္ကရာဇ် (၁၀၃)တွင် ဥက္ကလာပမင်းကြီးနှင့် ကုန်သည်ညီနောင်တို့မှ ဉာဏ်တော် (၄၄) တောင် (၆၆) ပေအထိ လည်းကောင်း၊ ခရစ်နှစ် ၁၄၃၆ခုတွင် ဘုရင်မကြီးရှင်စောပုနှင့် မောင်တော်ဗညားကင်းဒေါ (ဗညားကျန်း)တို့မှ ဉာဏ်တော် (၃၀၂)ပေအထိလည်းကောင်း၊ ခရစ်နှစ် ၁၇၆၈ခုနှစ်တွင် အင်းဝဘုရင် ဆင်ဖြူရှင်မှ ဉာဏ်‌တော် (၃၂၆) ပေအထိလည်းကောင်း အသီးသီးတိုးချဲ့တည် ထားကိုးကွယ်ခဲ့ကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရပါသည်။