ရွှေတိဂုံစေတီတော် လမ်းညွှန်

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းဖြင့် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့အောင် ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်မှု များအပေါ် အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖြစ်ပေါ်စေသည့် အကြောင်းအချက်အလက်များ
မင်းတုန်းမင်းတရားကြီး ထီးတော်သစ်တင်လှူခြင်း

ရွှေတိဂုံစေတီတော်ကြီးတွင် ၁၇၇၅ ခုနှစ်က တင်လှူခဲ့သော ထီးတော်ကြီးမှာ သက်တမ်း ၉၅ နှစ်ရှိလာပြီး ဟောင်းနွမ်း ယိုယွင်းလာသဖြင့် ထီးတော်သစ်တင်လှူရန် တိုင်ပင်ကြပြီး မိမိတို့အင်အားဖြင့် မပြည့်စုံနိုင်သဖြင့် မန္တလေးမြို့နေ မင်းတုန်းမင်းတရားကြီးသို့ လျှောက်ထားစေရာ မင်းတုန်းမင်းကြီးမှ ဝမ်းမြောက်စွာလက်ခံပြီး ၁၈၆၉ ခု ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထီးတော်သစ်ကြီး တင်လှူ ပူဇော်မည့်အကြောင်း ပြန်ကြားခဲ့လေသည်။

ရတနာပုံနေပြည်တော်မှ မင်းတုန်းမင်းတရားကြီး ရွှေတိဂုံစေတီ ထီးတော်ကို ပြင်ဆင်၍ အသစ်တင်ရန် သဘောတူခြင်းကို အနောက်နိုင်ငံ သမိုင်းဆရာတို့က “ဤလုပ်ရပ်တွင် ရိုးရိုးဘာသာတရား ကိုင်းရှိုင်းမှုထက် အမျိုးသားရေးအနေဖြင့် ဆောင်ရွက်လိုသော သဘောက ပိုဟန်ရှိသည်၊ ၎င်းမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အား မိမိတို့၏ ရှင်ဘုရင် လက်အောက်တွင် တညီတညွတ် စည်းလုံးစေလိုသည့် ဆန္ဒပင်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဗြိတိသျှအာဏာပိုင်တို့က ရှင်ဘုရင်ကိုယ်တိုင် ကြွရောက်လာခြင်းမရှိစေရဟူသော တိကျသည့် နားလည်မှုယူ၍ ထိုအခမ်းအနားကို ခွင့်ပြုလိုက်ပေသည်။” ဟု ရေးသားထားသည်ကို တွေ့ရသည်။

မင်းတုန်းမင်းကြီး ထီးတော်ပင့်ဆောင်လှူဒါန်းသောကိစ္စတွင် နိုင်ငံရေးအရ အရှုပ်အထွေးကိစ္စများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် မြန်မာမင်းကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ကိုလည်းကောင်း၊ တိုက်ရိုက်ထီးတော်တင်ခွင့် မပေးဘဲ အင်္ဂလိပ်အစိုးရ၏ အရာရှိဝန်ထောက်ဦးအုန်းကို ထီးတော်တင်ပွဲ၌ ကြီးကြပ်စေသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စိန်ဖူး ငှက်မြတ်နား အပါအဝင် ထီးတော်ကြီးတစ်ခုလုံး အောင်မြင်စွာ တင်လှူပြီးစီးသည်။

ရွှေတိဂုံစေတီတော်ကြီး၏ ထီးတော်ကိုတင်လှူသော ဒါယကာမှာ မင်းတုန်းမင်းတရားကြီးဖြစ်သော်လည်း ရန်ကုန်မြို့နေ ပြည်သူပြည်သားများမှ ဝိုင်းဝန်းလှူဒါန်းပူဇော်ခြင်းဖြင့် တိုင်းပြည်၏အုပ်ချုပ်‌ရေးသြဇာသည် တိုင်းတပါးသား လူမျိုးခြားတို့၏ လက်ထဲတွင် ရှိသော်လည်း လူမှုရေးသြဇာ ယဉ်ကျေးမှုသြဇာတို့သည်ကား ရွှေတိဂုံစေတီတော်ကြီးကဲ့သို့ ရိုးရာအမွေအနှစ်အဆောက်အုံကြီးတို့၌ပင် ကိန်းအောင်းနေသည်ဟူသည့် သဘောကိုတွေ့ရှိ ရပါသည်။

ရွှေတိဂုံထီးတော်ကြီးအား မင်းတုန်းမင်းတရားကြီးကို ထီးတော်တကာခံယူနိုင်ရေးနှင့် ထီးတော်အသစ်တင်လှူနိုင်ရေး စီမံဆောင်ရွက်ခဲ့မှုသည် မြန်မာပြည်သူပြည်သားတို့သည် တစိတ်တပိုင်းအားဖြင့် လွတ်လပ်ရေးကိုဆုံးရှုံးခဲ့ရပြီ၊ အစိုးရနှစ်ခုအောက်တွင် တကွဲတပြားစီနေထိုင်ရသော်လည်း ကိုးကွယ်ယုံကြည်မှုကိစ္စ၌ တညီတညွတ်ဆောင်ရွက်ကြခြင်းဖြစ်သည်။ တနည်းအားဖြင့် “အထက်နှင့် အောက်” မြန်မာနိုင်ငံသားတို့သည် ရုပ်ပိုင်းဘဝ၌ ခြားနားသောပတ်ဝန်းကျင်တွင်ရှိနေကြသော်လည်း စိတ်ပိုင်းဘဝ၌မူ မကွဲမပြား တစ်သားတည်းရှိနေကြခြင်းပင် ဖြစ်လေသည်။

ခေတ်သစ်မြန်မာတို့၏ နယ်ချဲ့တော်လှန်ရေး ခြေကုတ်စခန်းကြီးတစ်ရပ်ဖြစ်ခြင်း

ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ မြန်မာ့အာရုံ ခညောင်းရာ လူမှုဘဝအဖုံဖုံ ပေါင်းယှက်ဆုံဆည်းရာ “မြန်မာ့လူမှုရေးအချက်အချာဒေသ” တစ်ခုပမာဖြစ်နေပါသည်။ ခေတ်သစ်ရန်ကုန်မြို့မှာ အစိုးရလုပ်ငန်းများ၊ ကုန်တိုက်ကြီးများ၊ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများ၊ ဘဏ်များ၊ သိပ္ပံကောလိပ်ကျောင်းများ ထူထောင်လာခဲ့သဖြင့် တပြည်လုံးအရေးကို ရန်ကုန်မြို့တော်မှပင် ကြိုးကိုင်ဆောင်ရွက်လာသည့် အခြေအနေ ဖြစ်လာကြပါသည်။

ဤအချိန်တွင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၌ အလုပ်သမား၊ လယ်သမား၊ ကုန်သည်ပွဲစား၊ စာရေးစာချီ၊ မင်းမှုထမ်းများ၊ ကျောင်းသားများဟူ၍ ခေတ်ကာလအလိုက် လူတန်းစားဘဝအလွှာလွှာ အသီးသီး ကွဲကွဲပြားပြား ပေါ်ပေါက်လာခဲ့ကြပါသည်။ ထိုသူများတွင် မြန်မာ၊ မွန်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း အစရှိသည့် တိုင်းရင်းသားပေါင်းစုံတို့ဖြစ်ကြပါသည်။ ထိုသူတို့သည် ဗုဒ္ဓဘာသာဝင်များသော် လည်းကောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် နီးစပ်ပွန်းတီးရင်းနှီးသူများသော်လည်းကောင်း ဖြစ်ကြပါသည်။

ကိုလိုနီနယ်ချဲ့စနစ်၊ အင်္ဂလိပ်အစိုးရ၏အုပ်ချုပ်မှုအောက်တွင် အခန့်သင့်သလို နေထိုင်လုပ်ကိုင် အသက်မွေးနေကြရသော်လည်း၊ ပေါ့ပေါ့ဆဆနေကြသူများမဟုတ်။ ကိုလိုနီနယ်ချဲ့စနစ်လက်အောက်၌ ခေတ်သစ်လူနေမှုစနစ်တွင် အကျုံးဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတို့နှင့် ထိတွေ့ခွင့်ရခြင်း၊ ခေတ်မှီနည်းပညာကိုသင်ကြားရခြင်း၊ နိုင်ငံတကာအတွေ့အကြုံရရှိခြင်း စသည်တို့သည် မြန်မာတို့၏ရှိပြီး သား အသိဉာဏ်ကိုတိုးပွား‌အောင်၊ ကျယ်ဝန်းအောင်၊ ဖန်တီးပေးခဲ့ကြသည်ဟုဆိုနိုင်ပါမည်။

အကျိုးအကြောင်းဆက်စပ်မျှော်ခေါ်နိုင်သော ခေါင်းဆောင်ခေါင်းရွက်လုပ်သူတို့အား “အမျိုး၊ ဘာသာ၊ ပညာ” ဟူသော ကြွေးကြော်သံကို ကြွေးကြော်လာကြသည်။ ဤကြွေးကြော်သံများ ကြားလိုက်လျှင်မူ မြန်မာပင်ကိုဉာဏ်ဖြင့် သိမှီသမျှ ဝေဖန်ချင့်ချိန်တွေးတော ကြမည်ဖြစ်ပါသည်။ ထိုကာလ၌မှ မြန်မာပြည်တစ်ပြည်လုံး “ထီးကျိုးအုတ်ပေါက်” နိုင်ငံပျောက်ခဲ့သည်ရမှာ မကြာမတင် နှစ်ပေါင်း ၂၀၊ ၃၀ အတွင်း ဖြစ်ခဲ့ရသည်တို့ ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်၏ အရိပ်အာဝါသတွင်နေထိုင်ရသော ခေတ်မီစပြုလာသော မြန်မာတို့၏စိတ်ထဲတွင် တိုင်းပြည်အုပ်ချုပ်ရေး ဩဇာသည် တိုင်းတပါးလူမျိုးခြားတို့၏ လက်ဝယ်၌ရှိနေသော်လည်း လူမှုရေးဩဇာ၊ ယဉ်ကျေးမှုဩဇာတို့သည်ကား ရွှေတိဂုံစေတီတော်ကြီး ကဲ့သို့သော ရိုးရာအမွေအနှစ်အဆောက်အအုံကြီးတို့၌ပင် ကိန်းအောင်းနေသေးသည့် သဘောပင်ဖြစ်ပါ သည်။

သို့အတွက်မြန်မာတို့၏ အထွဋ်အမြတ်ပြုရာ ဘုရားစေတီတော်ကို တက်‌ရောက်သူတိုင်းသည် မြန်မာ့ယဉ်ကျေးမှုထုံးထမ်းစဉ်လာအရ ဘိနပ်၊ ခြေနင်းတို့ကိုချွတ်ပြီးမှ တက်ရောက်ကြရပါသည်။ ထိုသို့ ဘိနပ်မချွတ်ဘဲတက်ရောက်ကြသူတို့ကို မြန်မာတို့၏မျက်စေ့ထဲတွင် အမြင်မဖြောင့်၊ မကြည်ဖြူနိုင်၊ ခွင့်မလွှတ်နိုင်ဖြစ်ကြရပါသည်။

ထို့အပြင် မြန်မပြည်သူပြည်သားများ လွတ်လပ်စွာကြည်ညိုဖူးမြော်နိုင်ရမည့် စေတီတော်ကြီး တွင် မုခ်ပေါက်တစ်ဘက်ကိုပိတ်၍ စစ်တပ်ဆွဲထားခြင်း၊ ရင်ပြင်တော်တွင် စစ်သင်္ချိုင်းပြုလုပ်မြှုပ်နှံထား ခြင်းတို့ကိုလည်း မြန်မာတို့အနေဖြင့် အလိုမကျ၊ ကန့်ကွက်၊ ရှုံချ‌ရေးသားလာကြသည်ကို တွေ့မြင်ရပါ သည်။

ထိုအခါတိုင်းပြည်အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးရန် အသင်းအဖွဲ့များကို ခေတ်ကာလ လိုအပ် ချက်နှင့်အညီ သဘာဝကျစွာ တည်ထောင်ခဲ့ကြပါသည်။ ယင်းတို့အနက် ၁၉၀၆ ခုနှစ်တွင် တည်ထောင် သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှာ ဦးစွာပေါ်ပေါက်လာသော အသင်းတစ်သင်းဖြစ်ပါ သည်။ ထိုအသင်းများသည် အမိအဘ၊ ဆရာသမား၊ ရဟန်းသံဃာစသည်တို့၏ ဩဇာခံကာ စတင် ဆောင်ရွက်လာကြပါသည်။ နယ်ချဲ့သမားကို ဆန့်ကျင်သော ဆုံးဖြတ်ချက်ကိုချလာကြပါသည်။ နယ်ချဲ့ကြီးစိုးသောလုပ်ငန်းဌာနများကို သပိတ်မှောက်သောအခါ သပိတ်စခန်းများကို ရွှေတိဂုံစေတီတော် ရင်ပြင်၌ပင် ဖွင့်ခဲ့ကြပါသည်။ နယ်ချဲ့အစိုးရကိုဆန့်ကျင်အန်တုကာ လမ်းပြလှုံ့ဆော်သော “တို့ဗမာ သီချင်း” ကို ကုန်းတော်ပေါ်တွင်စ၍ သီဆိုလာကြပါသည်။

ကြာသော်ရွှေတိဂုံကုန်းတော်တစ်ဝိုက်သည် နယ်ချဲ့တော်လှန်ရေးခြေကုတ်စခန်းကြီး ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါသည်။ တိုင်းပြည်လွတ်လပ်‌ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးတို့သည် နိုင်ငံ‌ရေးလုပ်ငန်းဖြစ်သည်။ နိုင်ငံရေးသည် လူမှုရေး၌အကျုံးဝင်သည်။ ထို့ကြောင့်ရွှေတိဂုံစေတီတော်သည် နယ်ချဲ့သမားတို့အား ထိုး နှက်ရန် မြန်မာတို့၏ လူမှုရေးခံကတုတ် ယဉ်ကျေးမှုခံကတုတ်ကြီး ဖြစ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။

ကိုလိုနီခေတ်ကျောင်းသားသပိတ်များနဲ့ ရွှေတိဂုံစေတီ
ကိုလိုနီခေတ်တလျှောက်လုံးတွင် ပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ်တွေမှာ ရန်ကုန် တက္ကသိုလ်မှ အစပြု၍ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိကျောင်းသားများပါ ပါဝင်လာကြခြင်းဖြစ်ပါသည်။ ကျောင်းသားလှုပ်ရှားမှုသပိတ်တိုင်းသည် ရွှေတိဂုံစေတီနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်ဆက်နွယ်နေခြင်း ဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသားသပိတ်များမှာ အသွင်သဏ္ဍာန်အရ တက္ကသိုလ်ပညာရေးဥပဒေ၏ ချို့ယွင်းချက်များကို ဆန့်ကျင်မှု၊ တက္ကသိုလ်အာဏာပိုင်တို့ရဲ့ လုပ်ရပ်များအပေါ် ဆန့်ကျင်မှု၊ ကျောင်းသားများ အပေါ်အရေးယူမှုများကို တုန့်ပြန်မှု၊ ဝံသာနု အဖွဲ့အစည်း များနှင့် ပူးပေါင်းလှုပ်ရှားမှု၊ အုပ်ချုပ်ရေးစနစ်များအပေါ် တောင်းဆိုမှု စသည့်ပုံစံမျိုးတွေ ဖြစ်ပေမယ့် အနှစ်သာရသရုပ်ကမူ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတို့အတွက် လှုပ်ရှားမှု များသာဖြစ်ပါသည်။ တစ်မျိုးသားလုံးရဲ့ နား၊ မျက်စိများကိုပွင့်စေပြီး အချင်းချင်း သွေးစည်းညီညွတ် ရေးကို ပိုမိုခိုင်မာစေပါသည်။ မျိုချစ်စိတ်ဓာတ်တွေ ပိုမိုရှင်သန်ထက်မြက်စေပါသည်။ အဓိကကျတဲ့ တက္ကသိုလ်သပိတ်တွေက ၁၉၂၀မှာဖြစ်ပွားခဲ့သည့် ပထမတက္ကသိုလ် သပိတ်၊ ၁၉၃၆မှာဖြစ်ပွားခဲ့သည့် ဒုတိယတက္ကသိုလ်သပိတ်နှင့် ၁၉၃၈ ခုနှစ် ထောင့်သုံးရာပြည့် အရေးတော်ပုံမှာ ပါဝင်ဖြစ်ပေါ်ခဲ့သည့် တတိယ တက္ကသိုလ်သပိတ်တို့ ဖြစ်ပါသည်။

၁၉၂၀-ပထမတက္ကသိုလ်သပိတ်
၁၉၂၀ပြည့်နှစ် ဩဂုတ်လ (၂၈)ရက်နေ့တွင် မြန်မာနိုင်ငံဥပဒေပြုကောင်စီမှ အတည်ပြု ပြဌာန်းလိုက်သည့် တက္ကသိုလ်ဥပဒေကို ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် စတင်အာဏာ တည်မြဲစေခဲ့ပါသည်။ အိန္ဒိယနိုင်ငံကာလကတ္တားတက္ကသိုလ် လက်အောက်ခံဘဝမှ လွတ်ကင်းသည့် သီးခြားလွတ်လပ်သည့် တက္ကသိုလ်ထူထောင်ပေးရန် တောင်းဆိုခဲ့ကြသည့် မြန်မာတို့ကို ရန်ကုန် ကောလိပ်နဲ့ ယုဒသန်ကောလိပ်နှစ်ခုကိုပေါင်းပြီး ရန်ကုန်တက္ကသိုလ်အဖြစ် တိုးမြှင့်နှစ်သိမ့်ခြင်းသာ ဖြစ်ပါသည်။ အထက်တန်းပညာသင်ကြားရေးကို ကန့်သတ်ချုပ်ချယ်ထားပြီး တက္ကသိုလ်အုပ်ချုပ်ရေး နှင့် သင်ကြားရေးကို ဗြတိသျှအရာရှိများသာ ချုပ်ကိုင်ထားသည့် တက္ကသိုလ်ဥပဒေ ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ် ဥပဒေအာဏာတည်ပြီး နောက်နှစ်ရက်မြောက် ၁၉၂၀ ဒီဇင်ဘာလ (၃)ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကြီး (၁၁)ယောက်ဖြစ်သည့် ကေညီပိတ်၊ ထွန်းဝင်း၊ ဖေသိန်း၊ ဘခင်၊ ဘရှင်(ထားဝယ်)၊ ဘရှင်(သံတွဲ)၊ ဘဦး၊ ဘိုးကွန်း၊ လှတင်၊ မောင်ဧ၊ အောင်ဒင်တို့မှာ ရွှေတိဂုံရင်ပြင် စနေထောင့်၌တွေ့ဆုံပြီး ရန်ကုန်တက္ကသိုလ်ဥပဒေကို သပိတ်မှောက်ရန်ဆုံးဖြတ်ကာ သစ္စာဆို အဓိဋ္ဌာန်ပြုခဲ့ကြပါသည်။
ဒီလိုတက္ကသိုလ်ကျောင်းသားကြီး (၁၁)ဦး တွေ့ဆုံဆွေးနွေးပြီး သပိတ်မှောက်ရန် ဆုံးဖြတ်၍ သစ္စာအဓိဋ္ဌာန်ပြုခဲ့သည့် နေရာဖြစ်သော ရွှေတိဂုံဘုရားရင်ပြင်တော်အနောက်ဘက် စနေထောင့်မှာ ၁၉၂၀ ပထမကျောင်းသားသပိတ်စတင်ခဲ့သည့် တက္ကသိုလ်ကျောင်းသား (၁၁)ဦး၏ အမည်များကို ရေးထိုးကာ သမိုင်းဝင်ကျောက်တိုင် စိုက်ထူထားရှိပါသည်။
ဒီဇင်ဘာလ(၄)ရက်နေ့ ညနေ (၃)နာရီခန့်တွင် ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်တို့မှ ကျောင်းသား ၆၀၀ ခန့် ဦးအရိယ ကျောင်းတိုက်သို့ အစည်းအဝေးတက်ရောက်လာကြပြီး ၁၉၂၀ခုနှစ် ဒီဇင်ဘာလ(၅)ရက်၊ ၁၂၈၂ တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဥပဒေကို စတင်သပိတ်မှောက်ရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြပါသည်။ ထိုနေ့ဟာ နောင်အခါမှာ ဂျီစီဘီအေအသင်းကြီး၏ အစည်းအဝေးပွဲမှာ အများရွေးချယ်သတ်မှတ်ချက်အရ အမျိုးသားနေ့ ဖြစ်လာပါသည်။
၁၉၂၀ ပထမတက္ကသိုလ်ကျောင်းသားသပိတ်ဟာ တစ်ပြည်လုံး ပျံ့နှံ့သွားပါသည်။ တက္ကသိုလ် ကျောင်းသားတွေ ကျောင်းပြန်မတက် ကြတော့ဘဲ တစ်ပြည်လုံးမှာ အမျိုးသားကျောင်းသားတွေ ဖွင့်လှစ်ခဲ့ကြပါသည်။ တစ်မျိုးသားလုံးအတွေးအခေါ် ဉာဏ်ပညာရင့်သန်စေပြီး နယ်ချဲ့ဆန့်ကျင်ရေး အရှိန်အဟုန်မြင့်မားစွာနဲ့ လွတ်လပ်ရေးကို ဦးတည်လာခဲ့ရပါသည်။

၁၉၃၆-ဒုတိယတက္ကသိုလ်သပိတ်
ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်က ၁၉၃၆ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့် အိုးဝေမဂ္ဂဇင်းအမှတ်(၁)၏ အယ်ဒီတာထံပေးစာအခန်းကဏ္ဍမှာ ယမမင်းကလောင် အမည်နှင့် ကိုညိုမြရေးသည့် “ငရဲခွေးကြီးလွတ်လာပြီး သရမ်းနေသည်” (The Hell Hound At Large) ခေါင်းစဉ်နှင့် ပေးစာ ပါရှိပါသည်။ လူ့ပြည်တက္ကသိုလ်နယ်မြေမှာ ခွေးနက်ကြီးတစ်ကောင် သောင်းကြမ်းနေကြောင်းနှင့် အဝီစိမှလွတ်လာသည့် ထိုခွေးနတ် ကြီးကို တွေ့ရှိသူက အဝီစိသို့ အမြန် ပြန်ပို့ပေးပါရန် နှိုးဆော်ထားသည့် စာဖြစ်ပါသည်။ မျိုးချစ်ကျောင်းသားတွေကို ဖိနှိပ်သည့်တက္ကသိုလ် အာဏာပိုင်တစ်ဦးကို ရည်ညွှန်းကြောင်း ပေါ်လွင်နေသောကြောင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာကို အောင်ဆန်းအား ယမမင်းဆိုသည့်သူကို ဖော်ထုတ်ပေးပါရန် တက္ကသိုလ်ကျောင်းအုပ်ကြီးကမှ တောင်းဆိုပါသည်။ ကိုအောင်ဆန်းက စာနယ်ဇင်းတို့ထုံးစံအရ ထုတ်ဖော်ပြောခွင့် မရှိကြောင်း အကြောင်းပြန်ခဲ့ပါသည်။ ထို့နောက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုနုကို တက္ကသိုလ်မှ ထုတ်ပယ်လိုက်ပါသည်။ ထုတ်ပယ်စာကို ၁၉၃၆ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ကိုနုလက်ခံရရှိပါ သည်။ အဲဒီတက္ကသိုလ်ပညာသင်နှင့် ဇန်နဝါရီ ၃၁ရက်နေ့မှ ကျင်းပခဲ့သည့် စကားရည်လုပွဲ၌ သမဂ္ဂဥက္ကဋ္ဌကိုနုက မိန့်ခွန်းပြောရာမှာ တက္ကသိုလ်အာဏာပိုင်အချို့ ကျောင်းသူကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်နေပုံကို ထည့်ပြောခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ကိုနုကို ကျောင်းမှထုတ်သလို ကိုအောင်ဆန်း ကိုလည်း ကျောင်းမှထုတ်တော့မည်ဆိုသည့် သတင်းတွေ ထွက်ပေါ်ပျံ့နှံ့လာပါသည်။
ထို့ကြောင့် ကျောင်းထုတ်သည့်ကိစ္စအပေါ် ဆွေးနွေးရန် ၁၉၃၆ ခု ဖေဖော်ဝါရီ ၂၃ မှာ တက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင် အစည်းအဝေးခေါ်ပါသည်။ အမှုဆောင်အစည်းအဝေးက တစ်ဖန် ၁၉၃၆ခု ဖေဖော်ဝါရီလ (၂၅)မှာ ကျောင်းသားထုကို အစည်းအဝေး ခေါ်ပါသည်။ ၈၀၀ ခန့် ရှိသော ကျောင်းသားထုအစည်းအဝေး တက်ရောက်ကြပြီး တက္ကသိုလ်အာဏာပိုင်တို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို မကျေနပ်ကြောင်း သပိတ်မှောက်ကြပါသည်။ သပိတ်ရုံးခန်းကို ရွှေတိဂုံဘုရားအနီးရှိ မော်လမြိုင်ဇရပ်မှဖွင့်ခဲ့ပါသည်။ ရန်ကုန်နှင့် တစ်နိုင်ငံ လုံးရှိ အထက်တန်းများကလည်း လိုက်၍ သပိတ်မှောက်ကြပါသည်။ နောက်ပိုင်းမှာ အထွေထွေကျောင်းသားသပိတ်ကြီး ဖြစ်လာပါသည်။ တက္ကသိုလ်ဥပဒေအချို့၊ ပညာရေးအချို့တို့ ပြင်ပေးရန်အပါအဝင် အချက် ၁၂ ချက်ကို သပိတ်မှောက်ကောင်စီက တက္ကသိုလ် အာဏာပိုင်တို့ထံ ပေးပို့တောင်းဆိုခဲ့ကြပါသည်။ ထို့ကြောင့်အစိုးရဘက်က ဒုတိယအဓိပတိဦးဆက်ခေါင်းဆောင်သည့် တက္ကသိုလ်သပိတ် စုံစမ်းရေးကော်မတီနှင့် ဆာမြဘူး ခေါင်းဆောင်သည့် တက္ကသိုလ်ဥပဒေပြင်ဆင်ရေး အကြံပေးရမည့်ကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ရပါသည်။ ထို့ကြောင့် ၁၉၃၆ခု မတ်လ ၁၀ရက်နေ့တွင် သပိတ်လှန်ခဲ့ကြပါသည်။

၁၉၃၈-တတိယတက္ကသိုလ်သပိတ် (ထောင့်သုံးရာပြည့် အရေးတော်ပုံကြီး)
၁၉၃၈ခုနှစ် ဇန္နဝါရီလ ၈ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့သည့် ချောက်ရေနံမြေ အလုပ်သမား သပိတ်ကြီးကစ၍ ကိုလိုနီခေတ်မှာ အကြီးမားဆုံး နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုကြီး ဖြစ်ခဲ့ရပါသည်။ မြန်မာသက္ကရာဇ် ၁၃၀၀ပြည့်နှစ်မှာ ကျရောက်၍ ထောင့်သုံးရာပြည့် အရေးတော်ပုံကြီး ဟုဆိုကြ ပါသည်။ ဤအရေးတော်ပုံကြီးမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ တို့ဗမာအစည်းအရုံး အဖွဲ့ကဲ့သို့နိုင်ငံရေးအဖွဲ့များ၊ ဝန်ထမ်းများနှင့် အလွှာပေါင်းစုံပြည်သူများပါဝင်ပြီး တစ်နိုင်ငံလုံးပျံ့နှံ့ခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသား များလည်း ထိုအရေးတော်ပုံကြီးမှာ အားတက်သရောပါဝင်ရာက တစ်နိုင်ငံလုံးကျောင်းသားများပါ ပါဝင်လာပြီး အထွေထွေကျောင်းသား သပိတ်ကြီး ဖြစ်ခဲ့သောကြောင့် တတိယတက္ကသိုလ်သပိတ်ဟု ဆိုရပါသည်။ သမိုင်းအရဆိုလျှင် ထောင့်သုံးရာပြည့်အရေးတော်ပုံ အဖြစ်ထင်ရှားပါသည်။
၁၉၃၈ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့မှာ ချောက်မြို့ BOC ကုမ္ပဏီမှ စက်ပြင်ဆရာ သခင်ခင် ခွင့်ယူသည့်ကိစ္စအပေါ် အရေးယူခဲ့ခြင်းကို အကြောင်းပြု၍ ချောက်ရေနံမြေသပိတ် စတင်ဖြစ်ပေါ် ခဲ့ပါသည်။ ချောက်မှသပိတ်ဟာ ရေနံချပ်၊ လမ်းရွာ၊ ရေနံချောင်းတို့ကို အရင်ပျံ့နှံ့ခဲ့ပါသည်။ ဗြိတိသျှအစိုးရနှင့် BOCကုမ္ပဏီတို့က နည်းမျိုးစုံနှင့် သပိတ်ကိုဖြိုခွင်းပေမယ့် မအောင်မြင်ခဲ့ပါ။ အလုပ်သမားများ တင်ပြသည့်အချက်တွေကိုလည်း အရေးယူမှုမပြုခြင်းကြောင့် ၁၁လကျော်ကြာ ခဲ့ပါသည်။ ထို့ကြောင့် ရန်ကုန်ကို ချီတက်ဆန္ဒပြရန် ဆုံးဖြတ်ပြီး ၁၉၃၈ ခု နိုဝင်ဘာ ၃၀ ရက်နေ့မှာ ချောက်မြို့မှ ရေနံမြေတပ်ကြီး ထွက်ခွာခဲ့ပါသည်။ ရေနံတပ်ကြီးကို သခင်ဘိုးလှကြီးနဲ့ အလုပ်သမား ခေါင်းဆောင်များ သခင်များက ဦးဆောင်ချီတက်ခဲ့ပါသည်။ ၁၉၃၈ ဒီဇင်ဘာလ (၄)ရက်နေ့မှာ မကွေးမြို့ကိုရောက်ရှိပါသည်။ ရေနံတပ်သားအင်အား ၁၀၀၀၀ မှ ၁၀၅၀၀ ဖြစ်လာပါသည်။ ဗြတိသျှ အစိုးရက ဆက်လက်ပြီး မချီတက်နိုင်အောင် အကြမ်းဖက် ဟန့်တားကြပါသည်။ တို့ဗမာအစည်းအရုံးဝင်သခင်များနဲ့ ကျောင်းသားခေါင်းဆောင်များ သွားရောက်အားဖြည့်ပြီး တရားပွဲများ ပြုလုပ် ဆန့်ကျင် ပြောဆိုကြပါသည်။ ဗြတိသျှအစိုးရကလည်း ကျောင်းသားခေါင်းဆောင်တွေကို အရေးယူပါသည်။
၁၉၃၈ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့မှာ ရေနံတပ်ကြီး ဆက်လက်ချီတက်ခဲ့ရာတွင် ဒီဇင်ဘာ (၂၀)ရက်နေ့မှာ ပြည်ကို ရောက်ပါသည်။ ထိုနေ့တွင် ရန်ကုန်မြို့မှာ တက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်ပွားပါသည်။ မကွေးရောက် ကျောင်းသားခေါင်းဆောင် များဖြစ်ကြသည့် ကိုဟိန်းနှင့်ကိုဘဆွေတို့ ကို မကျေနပ်သောကြောင့် သပိတ်မှောက်ဆန္ဒပြကြခြင်းဖြစ်ပါသည်။ အတွင်းဝန်ရုံးကို ဝန်းရံဆန္ဒ ပြသောအခါ နယ်ချဲ့အစိုးရမှ ကျောင်းသားတွေကို ရက်စက်စွာ မြင်းနဲ့တိုက်၊ တုတ်နဲ့ရိုက်လုပ်ကြ ပါသည်။ ဂျက်ဆင်ကောလိပ် ကျောင်းသားကိုအောင်ကျော် ကျဆုံးခဲ့ရပြီး ကျောင်းသားများစွာ ဒဏ်ရာရခဲ့ကြပါသည်။ ထို့ကြောင့် တစ်နိုင်ငံလုံးရှိ ကျောင်းသားများ မခံနိုင်၍ပါဝင်လာသောကြောင့် အထွေထွေကျောင်းသားသပိတ်ကြီး ဖြစ်ခဲ့ပါသည်။
ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းမှ လယ်သမားများလည်း ရန်ကုန်ကိုချီတက်လာပါသည်။ ရေနံတပ်ကြီးနှင့်အတူ ၁၉၃၉ ဇန္နဝါရီလ (၈)ရက်နေ့မှာ ရန်ကုန်ကို အတူတူဝင်ရောက်လာကြပါသည်။ ရွှေတိဂုံကိုသာ ဦးတည်စုဝေးလာကြပြီး ရွှေတိဂုံမှာ လူထုအစည်းအဝေး ပွဲများကျင်းပကာ ဆုံးဖြတ်ချက်တွေချ တောင်းဆိုချက်တွေဆို၊ ကြွေးကြော်သံတွေ ကြွေးကြော်နှင့် ဆန့်ကျင်လှုပ်ရှား ကြပါသည်။ ရန်ကုန်နှင့် တပြည်လုံးရှိ စက်ရုံ အလုပ်ရုံ ဆန္ဒပြမှုများ ဖြစ်ခဲ့ပါသည်။ မန္တလေးမြို့မှာလည်း ကျောင်းသားတွေမှာ ရဟန်းရှင်လူပြည်သူတွေနှင့် လက်တွဲပြီး သပိတ်တိုက်ပွဲတွေဆင်နွှဲကြပါသည်။ နယ်ချဲ့အစိုးရက အကြမ်းဖက်၍ ကျောင်းသားနှင့် ရဟန်းရှင်လူပြည်သူ (၁၇)ဦး ကျဆုံးခဲ့ရပါသည်။
၁၃၀၀ပြည့် အရေးတော်ပုံကြီးမှာ အကြီးမားဆုံး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးဖြစ်ပြီး၊ အရင်းအနှီး ပေးဆပ်မှုများလည်း ကြီးပါသည်။ အကျိုးဆက်လည်း ကြီးပါသည်။ ဒေါက်တာဘမော်ရဲ့ ညွန့်ပေါင်းအစိုးရပြုတ်ကျသွားသည်။ အလုပ်သမားများ၏နစ်နာချက်များ လိုက်လျောပြုပြင် ပေးရ သည်။ တောင်သူလယ်သမား သီးစားဥပဒေများ ပြင်ဆင်ပေးရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂတွေ ပေါ်ပေါက်ခဲ့ရသည်။ နိုင်ငံရေးပိုမိုနိုးကြားလာပြီး လွတ်လပ်ရေးကိုဦးတည်သည့် ညီညွတ်မှုကြီးကို ရရှိခဲ့ပါသည်။

ရွှေတိဂုံစေတီရင်ပြင်ပေါ်ဖိနပ်စီးသည့်ပြဿနာ

ရွှေတိဂုံစေတီတော်ကြီးနှင့် ပတ်သက်၍ ကိုလိုနီနယ်ချဲ့ခေတ်တွင် မြန်မာပြည်သူများနှင့် ကိုလိုနီအစိုးရတို့ အကြီးအကျယ် ဖြစ်ခဲ့ရသော ပြဿနာနှစ်ရပ်ရှိခဲ့ပါသည်။ ယင်းတို့မှာ အနောက်မုခ်ဖွင့်လှစ်ရေးနှင့် ဘုရားရင်ပြင်တော်ပေါ်တွင် ဖိနပ်စီးသည့်ကိစ္စတို့ဖြစ်သည်။ ဤကိစ္စနှစ်ရပ်မှာ ကိုလိုနီအစိုးရအတွက် ပြောပလောက်သည့်ကိစ္စဟူ၍ မထင်ခဲ့သော်လည်း မြန်မာပြည်သူတို့အတွက်ကား ကြီးမား လေးနက်သော ဘာသာရေးယုံကြည်မှုနှင့် သက်ဆိုင်သောကိစ္စပြဿနာဖြစ်သည်။

ဘုရားရင်ပြင်ပေါ်တွင် ဖိနပ်စီးသည့်ကိစ္စ

  မြန်မာတို့နှင့် နိုင်ငံခြားသားများ ဆက်ဆံရေးတွင် ဖိနပ်စီးခြင်းနှင့်စပ်လျဉ်းသော ပြဿနာနှစ်ရပ်ပေါ်ပေါက်ခဲ့ဖူးသည်။ ပထမ ဖိနပ်ပြဿနာမှာ နိုင်ငံခြားမှလာရောက်သော သံတမန်များသည် ဘုရင်မင်းမြတ် ရှေ့တော်မှောက်သို့ ဝင်‌ရောက်ရာတွင် အခြားမှူးမတ် ဗိုလ်ပါ အားလုံးနည်းတူ ဖိနပ်ချွတ်၍ ဝင်ပြီး ဒူးတုပ် ခစားရသော ကိစ္စဖြစ်သည်။

  ဒုတိယဖိနပ်ပြဿနာမှာ မြန်မာတို့ဘက်က မခံမရပ်နိုင်သော ကိစ္စဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာ ပထမ ဖိနပ်ပြဿနာကဲ့သို့ လူမှုရေး အ‌ကြောင်းမဟုတ်၊ ဘာသာရေးအကြောင်းဖြစ်သည်။ မြန်မာတို့သည် ဖိနပ်ချွတ်ခြင်း(ဝါ)ဖိနပ်ခြေနင်းမပါဘဲ ထွက်ဝင်လာခြင်းကို ရိုသေကိုင်းရိုင်းမှု၊ အလေးအမြတ်ထားမှုကို ဖော်ပြသည့် အမူအရာဟု ရိုးရာဓလေ့ယဉ်ကျေးမှုအရ လက်ခံထားကြပါသည်။  နိုင်ငံခြားသား တို့ကမူ မြန်မာ့အထွတ်အမြတ် အထိမ်းအမှတ်ဖြစ်သော ကျောင်း၊ ကန်၊ စေတီ၊ ဘုရားတို့၏ ပရိဝုဏ်အတွင်း၌လည်း ဖိနပ်စီးလိုကြသည်။ စီးလည်းစီးခဲ့ကြသည်။ ခရစ်နှစ် ၁၇၉၆ ခုနှစ်တါင် လာရောက်ခဲ့သော အင်္ဂလိပ်သံဟီရမ်ကောက်သည် ဖိနပ်ချွတ် ရမည်စိုးသောကြောင့် ရွှေတိဂုံစေတီရင်ပြင်သို့ မတက်ဘဲ ခြေတော်ရင်းဇရပ် တစ်ခုရှေ့မှသာ သွား၍ ဘုရားဖူးများ လာရောက် ကြသည်ကို ကြည့်ရှုခဲ့သည်။

  မြန်မာပြည်သူတို့စိတ်ထဲတွင် ရွှေတိဂုံစေတီတော်ကဲ့သို့ တန်ခိုးကြီးဘုရားများတွင် မျက်နှာဖြူအုပ်ချုပ်ရေးအရာရှိများ၊ ကုလား စစ်သားများ ဖိနပ်စီး၍ စေတီတော်ရင်ပြင်ပေါ်သို့ တက်ခြင်းကို လုံးဝနှစ်သက်ခြင်း မရှိခဲ့ကြပေ။ ခရစ်နှစ် ၁၈၁၈ ခုနှစ်တွင် ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ပဲခူးမြို့ ရွှေမော်ဓေါဘုရားကြီးပေါ်သို့ တက်ရောက်ရာတွင် ဖိနပ်မချွတ်ဘဲ တက်ရောက်ကြည့်ရှုရသည့် အကြောင်း ပြည်သူတို့ ကြားသိရသောအခါ ဂေါပကလူကြီးများက ရန်ကုန်မြို့ ဝိုင်အမ်ဘီအေအသင်းကြီးသို့ တိုင်ကြားခဲ့ပါသည်။ အသင်းကြီး ၏ အတွင်းရေးမှူးဖြစ်သော ဝတ်လုံတော်ရဦးသိမ်းမောင်သည် ပြည်မြို့တွင်နေထိုင်ခဲ့စဉ် ရွှေဆံတော်ဘုရား ခြေတော်ရင်း၌ ဥရောပတိုက် သားများမှအပ ဖိနပ်စီးခွင့်မပြုဟူသော ဆိုင်းဘုတ်ဖြတ်ချရေးကို ကြိုးစားခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ၌လည်း ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ဥပဇာရင်ပြင်တော်၌ ဥရောပတိုက်သားများ ဖိနပ်မစီးရေးကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

အတွင်းရေးမှူး ဦးသိမ်းမောင်သည် ဘုရားပေါ်တွင် ဖိနပ်စီးသည့်ကိစ္စကို အကြောင်းပြု၍ ရန်ကုန်မြို့ ဂျူဗလီခန်းမတွင် ၁၉၁၈ ခု မေလ ၉ ရက်၌ ပြည်လုံးကျွတ်အစည်းအဝေးခေါ်ယူ၍ တင်ပြဆွေးနွေးကြပါသည်။ ယင်းလူထုအစည်းအဝေးမှ ဘုရားမြေ၊ ကျောင်းမြေအတွင်း ဖိနပ်မစီးရဟူသော အဆိုတစ်ရပ်ကို ချမှတ်နိုင်ခဲ့သည်။

  သာသနာ့အဆောက်အအုံ၊ စေတီတော်၊ ဘုရားဝတ္တကမြေများပေါ်တွင် နိုင်ငံခြားသားများ ဖိနပ်စီးခြင်းကို မြို့ရောတောပါ ဗုဒ္ဓ ဘာသာဝင် ပြည်သူများက မလိုလားကြသဖြင့် “ ဖိနပ်မစီးရေး” ကိစ္စမှာ အောင်မြင်သွားခဲ့လေသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဘုရားပေါ်တွင် ဖိနပ်စီးခြင်းကို တားမြစ်လိုက်နိုင်သဖြင့် ကိုလိုနီနယ်ချဲ့၏သြဇာကို ကန့်သတ်နိုင်ခဲ့ပြီး အမျိုးသားရေးအတွက် တစ်နည်းတစ်ဖုံ သွေးထိုးလှုံ့ဆော်နိုင်ခဲ့ပါသည်။ ‌ရွှေတိဂုံစေတီတော်တွင် ဖိနပ်မစီးရေးအတွက် မြန်မာမျိုးချစ်များသည် အမျိုးဂုဏ်၊ဇာတိဂုဏ်ကို ပြလျက် ကန့်ကွက်ရာမှ အောင်မြင်မှုသည် ဗုဒ္ဓသာသနာတော် အရှည်တည်တံ့စေရေးအတွက် အထင်ကရအောင်မြင်မှု ဖြစ်ရပ်ဖြစ်ပါသည်။

အင်္ဂလိပ်ခံတပ်နှင့် စစ်သင်္ချိုင်းရွှေ့ခြင်း
၁၉၂၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် မြန်မာဗုဒ္ဓဘာသာတို့ တောင်းဆိုခဲ့ဖူးသည့်အတိုင်း ကုန်းတော်ပေါ်မှ အင်္ဂလိပ်သင်္ချိုင်းများကို ကန်တိုမင်သို့ ပြောင်းရွှေ့သွားသည်။ ထိုနှစ်ဇန်နဝါရီလနှင့် မေလအတွင်း ကုန်းတော်အနောက်ဘက်မှ ခံတပ်အဆောက်အအုံများကိုဖျက်၍ မင်္ဂလာဒုံသို့ ပြောင်းရွှေ့သွားသည်။ ထို့ကြောင့် မြန်မာလူမျိုးတို့က များစွာနှစ်ထောင်းအားရလျက် ရှိကြသည်။
သို့ရာတွင် ထိုနှစ်မေလ၌ အင်္ဂလိပ်အစိုးရက ရွှေတိဂုံစေတီ ကုန်းတော်အနောက်ဘက်ခြမ်းကို ဘဏ္ဍာထိန်း အဖွဲ့သို့ပေးရန် ဂရန်ကိုအကြမ်း‌ရေး၍ ဘဏ္ဍာထိန်းအဖွဲ့သို့ ပေးပို့လိုက်သည်။ ယင်းဂရန်သစ်တွင်လည်း ဂရန် ဟောင်းမှာကဲ့သို့ပင် စည်းကမ်းချက်များ ပြောင်းလဲခြင်းမရှိကြောင်းတွေ့ရသည်။ ထိုစည်းကမ်းများမှာ ကုန်းတော် မြေမျက်နှာပြင်ကို ပြုပြင်လိုလျှင်၊ သို့မဟုတ် အဆောက်အအုံ တစ်စုံတစ်ရာဆောက်လုပ်လိုလျှင် စစ်ဘက်နှင့် မြန်မာပြည်အစိုးရ၏ ခွင့်ပြုချက်ရမှ ပြုပြင်ဆောက်လုပ်ရမည်ဟူသော အချက်များ ပါဝင်သည်။ ဘဏ္ဍာထိန်းအဖွဲ့ ကထိုစည်းကမ်းချက်များမှာ ကုန်းတော်ပေါ်တွင်ခံတပ်နှင့် ခဲယမ်းမီးကျောက်တိုက် ပြောင်းရွှေ့သွားမည် ဖြစ်သဖြင့် လိုတော့မည်မဟုတ်ကြောင်း ၁၉၂၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင်တင်သွင်းခဲ့သည်။ ကန့်ကွက်စာ တွင်သွင်းပြီး၍ ဩဂုတ်လ ၂၇ ရက်နေ့သို့ရောက်သောအခါ ပြည်ထဲရေးဝန်ကြီးချုပ်က ဘုရားဘဏ္ဍာထိန်းလူကြီး များအား သူ၏ရုံးခန်းသို့ ခေါ်ယူတွေ့ဆုံပြောကြားရာတွင် ကုန်းတော်မှ ခဲယမ်းမီးကျောက်တိုက်ကိုသာ ပြောင်းရွှေ့ ခြင်းဖြစ်သည်။ ကုန်းတော်မှာ ခံတပ်ပင်ဖြစ်နေသေးသည်။ သို့အတွက် ဆိုခဲ့သော စည်းကမ်းများကို လက်ခံမှ ကုန်းတော်အနောက်တစ်ခြမ်းကို ဘဏ္ဍာထိန်းအဖွဲ့သို့ ပေးအပ်နိုင်မည်ဖြစ်သည်။ အနောက်စောင်းတန်း ဆောက် လုပ်ရန် တင်သွင်းထားသောပုံစံများကိုလည်း အစိုးရကကန့်ကွက်ရန် မရှိသော်လည်း ဂရန်တွင်ပါသော စည်းကမ်းများကို လက်ခံမှ ခွင့်ပြုနိုင်မည်ဖြစ်ကြောင်းတို့ကို ပြောပြလေသည်။
ထိုအခါ ဘဏ္ဍာထိန်းလူကြီးတို့က ကုန်းတော်သည် ခံတပ်ဖြစ်မြဲဖြစ်နေသည်ဆိုသောစကားမှာ အသစ်ဖြစ်နေသဖြင့် အလွန်အရေးကြီးကြောင်း။ ယခင်က ခံတပ်နှင့်တကွ အားလုံးပြောင်းရွှေ့မည်ဟု မိမိတို့နားလည် ယုံကြည်ခဲ့ခြင်းနှင့်လည်း ဆန့်ကျင်လျက် ရှိကြောင်း။ ဘုရားကုန်းတော်သည် ယခုခေတ်ကာလ စစ်တိုက်ပုံ အခြင်း အရာကိုထောက်၍ ခံတပ်အဖြစ်အသုံးမတင်နိုင်တော့ကြောင်း။ ကုန်းတော်ကို ခံတပ်အဖြစ်နှင့်ထားခြင်းသည်လည်း အစိုးရက မြန်မာပြည်သူတို့၏ ဘာသာရေးဆိုင်ရာအဆောက်အအုံများနှင့် စိတ်နေ သဘောထားကို ရိုသေသည်ဆိုသော စကားနှင့် မညီကြောင်း။ သို့ပါ၍ ဘဏ္ဍာတော်ထိန်းအဖွဲ့၏ အစည်းအဝေးတစ်ရပ်ကျင်းပ၍ စဉ်းစား ဆွေးနွေးပြီးမှ စကားပြန်နိုင်မည်ဖြစ်ကြောင်းနှင့် ရွှေ့ဆိုင်းခဲ့ကြသည်။
ပြည်သူ့ဆန္ဒတောင်းခြင်း
ယင်းကိစ္စကိုဆွေးနွေးရန်အလို့ငှာ ရွှေတိဂုံဘဏ္ဍာတော်ထိန်းအဖွဲ့အစည်းအဝေးကို ၁၉၂၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသည်။ ထိုအစည်းအဝေးက ဤကိစ္စသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။ အနောက်ဘက် စောင်းတန်းကို အမြန်ဆောက်လုပ် ဖွင့်လှစ်လိုသော ဆန္ဒများစွာရှိသော်လည်း အဆိုပါစည်ကမ်းသတ်မှတ်ချက်များကို မကျေနပ်သဖြင့် လက်မခံနိုင်ကြောင်း မှတ်တမ်းတင်သည်။ ဤကိစ္စကို ဗုဒ္ဓဘာသာဝင်တို့နှင့် တိုင်ပင်ပြီးမှသာလျှင် ဆုံးဖြတ်သင့်ကြောင်း ပြဌာန်းလိုက်သည်။
ထို့နောက် ရွှေတိဂုံဘဏ္ဍာတော်ထိန်းအဖွဲ့သည် ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင်လူကြီး ဝတ်လုံတော်ရ ဦးသိမ်းမောင်အား ပြည်သူ့အဖွဲ့ ခေါင်းဆောင် ဦးဘဖေ (ဘကြီးဘဖေ)၊ အမ်၊ အေ ဦးမောင်ကြီးတို့နှင့် တိုင်ပင်၍ ဗုဒ္ဓဘာသာဝင်တို့၏အလိုကိုစုံစမ်းရန် တာဝန်လွှဲအပ် လိုက်သည်။ ဘဏ္ဍာ‌တော်ထိန်းအဖွဲ့၏ ညွှန်ကြားချက်အတိုင်း ဝတ်လုံဦးသိမ်းမောင်သည် အထက်ပါလူကြီးများနှင့်တိုင်ပင်၍ စာတမ်း တစ်စောင်နှင့် မေးခွန်းများကို ရေးသားလျက် တိုင်းသူပြည်သားများ၏ဆန္ဒကို တောင်းယူရန် ထုတ်ဝေလိုက်သည်။

အင်္ဂလိပ်ဘုရင်ခံနှင့် တွေ့ဆုံရခြင်း
အင်္ဂလိပ်အစိုးရသည် ထိုအခြေအနေကိုမြင်၍ ထိန်းသိမ်းရန်လိုသောကြောင့် ဘုရားကြီးနှင့်စပ်လျဉ်းသော တောင်းဆိုချက်များကို လိုက်လျောရန် အစီအစဉ်များ ပြုလုပ်ရလေတော့သည်။
ဤသို့ဖြင့် ဤအကြောင်းရပ်အစတွင် ဖော်ပြခဲ့သည့် ၁၉၂၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ပါ ကြေညာချက် ကို ဘဏ္ဍာတော်ထိန်းအဖွဲ့အတွင်းရေးမှူး ဦးဘိုးမြလက်မှတ်ဖြင့် ထုတ်ပြန်နိုင်ခဲ့လေသည်။ ဤသည်မှာ တစ်ပြည်လုံး ညီညာဖြဖြ ထောက်ခံအားပေးကြသော လုပ်ငန်းတစ်ရပ်၏ အောင်မြင်မှုဖြစ်လေသည်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှစ၍ နှစ်ပေါင်း ၈၀ နီးပါးကြာအောင် တိုင်းပြည်၏ ဦးစွန်းသဖွယ်ဖြစ်သော စေတီတော်ကြီးတွင် တိုင်းတစ်ပါးသားများ အနိုင်အထက် ကျူးကျော်သိမ်းပိုက် ထားခြင်းမှ လွတ်မြောက်သည်ဖြစ်၍ ပြည်သူ ပြည်သားအပေါင်းက များစွာနှစ်ထောင်းအားရ ရှိခဲ့ကြပေသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်