စောင့်ရှောက်မှုများ

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းဖြင့် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့အောင် ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်မှု
များအပေါ် အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖြစ်ပေါ်စေသည့် အကြောင်းအချက်အလက်များ
မင်းတုန်းမင်းတရားကြီး ထီးတော်သစ်တင်လှူခြင်း

ရွှေတိဂုံစေတီတော်ကြီးတွင် ၁၇၇၅ ခုနှစ်က တင်လှူခဲ့သော ထီးတော်ကြီးမှာ သက်တမ်း ၉၅ နှစ်ရှိလာပြီး ဟောင်းနွမ်း ယိုယွင်းလာသဖြင့် ထီးတော်သစ်တင်လှူရန် တိုင်ပင်ကြပြီး မိမိတို့အင်အားဖြင့် မပြည့်စုံနိုင်သဖြင့် မန္တလေးမြို့နေ မင်းတုန်းမင်းတရားကြီးသို့ လျှောက်ထားစေရာ မင်းတုန်းမင်းကြီးမှ ဝမ်းမြောက်စွာလက်ခံပြီး ၁၈၆၉ ခု ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထီးတော်သစ်ကြီး တင်လှူ ပူဇော်မည့်အကြောင်း ပြန်ကြားခဲ့လေသည်။

  ရတနာပုံနေပြည်တော်မှ မင်းတုန်းမင်းတရားကြီး ရွှေတိဂုံစေတီ ထီးတော်ကို ပြင်ဆင်၍ အသစ်တင်ရန် သဘောတူခြင်းကို အနောက်နိုင်ငံ သမိုင်းဆရာတို့က “ဤလုပ်ရပ်တွင် ရိုးရိုးဘာသာတရား ကိုင်းရှိုင်းမှုထက် အမျိုးသားရေးအနေဖြင့် ဆောင်ရွက်လိုသော သဘောက ပိုဟန်ရှိသည်၊ ၎င်းမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အား မိမိတို့၏ ရှင်ဘုရင် လက်အောက်တွင် တညီတညွတ် စည်းလုံးစေလိုသည့် ဆန္ဒပင်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဗြိတိသျှအာဏာပိုင်တို့က ရှင်ဘုရင်ကိုယ်တိုင် ကြွရောက်လာခြင်းမရှိစေရဟူသော တိကျသည့် နားလည်မှုယူ၍ ထိုအခမ်းအနားကို ခွင့်ပြုလိုက်ပေသည်။” ဟု ရေးသားထားသည်ကို တွေ့ရသည်။

  မင်းတုန်းမင်းကြီး ထီးတော်ပင့်ဆောင်လှူဒါန်းသောကိစ္စတွင် နိုင်ငံရေးအရ အရှုပ်အထွေးကိစ္စများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် မြန်မာမင်းကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ကိုလည်းကောင်း၊ တိုက်ရိုက်ထီးတော်တင်ခွင့် မပေးဘဲ အင်္ဂလိပ်အစိုးရ၏ အရာရှိဝန်ထောက်ဦးအုန်းကို ထီးတော်တင်ပွဲ၌ ကြီးကြပ်စေသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စိန်ဖူး ငှက်မြတ်နား အပါအဝင် ထီးတော်ကြီးတစ်ခုလုံး အောင်မြင်စွာ တင်လှူပြီးစီးသည်။

  ရွှေတိဂုံစေတီတော်ကြီး၏ ထီးတော်ကိုတင်လှူသော ဒါယကာမှာ မင်းတုန်းမင်းတရားကြီးဖြစ်သော်လည်း ရန်ကုန်မြို့နေ ပြည်သူပြည်သားများမှ ဝိုင်းဝန်းလှူဒါန်းပူဇော်ခြင်းဖြင့် တိုင်းပြည်၏အုပ်ချုပ်‌ရေးသြဇာသည် တိုင်းတပါးသား လူမျိုးခြားတို့၏ လက်ထဲတွင် ရှိသော်လည်း လူမှုရေးသြဇာ ယဉ်ကျေးမှုသြဇာတို့သည်ကား ရွှေတိဂုံစေတီတော်ကြီးကဲ့သို့ ရိုးရာအမွေအနှစ်အဆောက်အုံကြီးတို့၌ပင် ကိန်းအောင်းနေသည်ဟူသည့် သဘောကိုတွေ့ရှိ ရပါသည်။

ရွှေတိဂုံထီးတော်ကြီးအား မင်းတုန်းမင်းတရားကြီးကို ထီးတော်တကာခံယူနိုင်ရေးနှင့် ထီးတော်အသစ်တင်လှူနိုင်ရေး စီမံဆောင်ရွက်ခဲ့မှုသည် မြန်မာပြည်သူပြည်သားတို့သည် တစိတ်တပိုင်းအားဖြင့် လွတ်လပ်ရေးကိုဆုံးရှုံးခဲ့ရပြီ၊ အစိုးရနှစ်ခုအောက်တွင် တကွဲတပြားစီနေထိုင်ရသော်လည်း ကိုးကွယ်ယုံကြည်မှုကိစ္စ၌ တညီတညွတ်ဆောင်ရွက်ကြခြင်းဖြစ်သည်။ တနည်းအားဖြင့် “အထက်နှင့် အောက်” မြန်မာနိုင်ငံသားတို့သည် ရုပ်ပိုင်းဘဝ၌ ခြားနားသောပတ်ဝန်းကျင်တွင်ရှိနေကြသော်လည်း စိတ်ပိုင်းဘဝ၌မူ မကွဲမပြား တစ်သားတည်းရှိနေကြခြင်းပင် ဖြစ်လေသည်။

ရွှေတိဂုံစေတီရင်ပြင်ပေါ်ဖိနပ်စီးသည့်ပြဿနာ
ရွှေတိဂုံစေတီတော်ကြီးနှင့် ပတ်သက်၍ ကိုလိုနီနယ်ချဲ့ခေတ်တွင် မြန်မာပြည်သူများနှင့် ကိုလိုနီအစိုးရတို့ အကြီးအကျယ် ဖြစ်ခဲ့ရသော ပြဿနာနှစ်ရပ်ရှိခဲ့ပါသည်။ ယင်းတို့မှာ အနောက်မုခ်ဖွင့်လှစ်ရေးနှင့် ဘုရားရင်ပြင်တော်ပေါ်တွင် ဖိနပ်စီးသည့်ကိစ္စတို့ဖြစ်သည်။ ဤကိစ္စနှစ်ရပ်မှာ ကိုလိုနီအစိုးရအတွက် ပြောပလောက်သည့်ကိစ္စဟူ၍ မထင်ခဲ့သော်လည်း မြန်မာပြည်သူတို့အတွက်ကား ကြီးမား လေးနက်သော ဘာသာရေးယုံကြည်မှုနှင့် သက်ဆိုင်သောကိစ္စပြဿနာဖြစ်သည်။

ဘုရားရင်ပြင်ပေါ်တွင် ဖိနပ်စီးသည့်ကိစ္စ

မြန်မာတို့နှင့် နိုင်ငံခြားသားများ ဆက်ဆံရေးတွင် ဖိနပ်စီးခြင်းနှင့်စပ်လျဉ်းသော ပြဿနာနှစ်ရပ်ပေါ်ပေါက်ခဲ့ဖူးသည်။ ပထမ ဖိနပ်ပြဿနာမှာ နိုင်ငံခြားမှလာရောက်သော သံတမန်များသည် ဘုရင်မင်းမြတ် ရှေ့တော်မှောက်သို့ ဝင်‌ရောက်ရာတွင် အခြားမှူးမတ် ဗိုလ်ပါ အားလုံးနည်းတူ ဖိနပ်ချွတ်၍ ဝင်ပြီး ဒူးတုပ် ခစားရသော ကိစ္စဖြစ်သည်။

ဒုတိယဖိနပ်ပြဿနာမှာ မြန်မာတို့ဘက်က မခံမရပ်နိုင်သော ကိစ္စဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာ ပထမ ဖိနပ်ပြဿနာကဲ့သို့ လူမှုရေး အ‌ကြောင်းမဟုတ်၊ ဘာသာရေးအကြောင်းဖြစ်သည်။ မြန်မာတို့သည် ဖိနပ်ချွတ်ခြင်း(ဝါ)ဖိနပ်ခြေနင်းမပါဘဲ ထွက်ဝင်လာခြင်းကို ရိုသေကိုင်းရိုင်းမှု၊ အလေးအမြတ်ထားမှုကို ဖော်ပြသည့် အမူအရာဟု ရိုးရာဓလေ့ယဉ်ကျေးမှုအရ လက်ခံထားကြပါသည်။ နိုင်ငံခြားသား တို့ကမူ မြန်မာ့အထွတ်အမြတ် အထိမ်းအမှတ်ဖြစ်သော ကျောင်း၊ ကန်၊ စေတီ၊ ဘုရားတို့၏ ပရိဝုဏ်အတွင်း၌လည်း ဖိနပ်စီးလိုကြသည်။ စီးလည်းစီးခဲ့ကြသည်။ ခရစ်နှစ် ၁၇၉၆ ခုနှစ်တါင် လာရောက်ခဲ့သော အင်္ဂလိပ်သံဟီရမ်ကောက်သည် ဖိနပ်ချွတ် ရမည်စိုးသောကြောင့် ရွှေတိဂုံစေတီရင်ပြင်သို့ မတက်ဘဲ ခြေတော်ရင်းဇရပ် တစ်ခုရှေ့မှသာ သွား၍ ဘုရားဖူးများ လာရောက် ကြသည်ကို ကြည့်ရှုခဲ့သည်။

မြန်မာပြည်သူတို့စိတ်ထဲတွင် ရွှေတိဂုံစေတီတော်ကဲ့သို့ တန်ခိုးကြီးဘုရားများတွင် မျက်နှာဖြူအုပ်ချုပ်ရေးအရာရှိများ၊ ကုလား စစ်သားများ ဖိနပ်စီး၍ စေတီတော်ရင်ပြင်ပေါ်သို့ တက်ခြင်းကို လုံးဝနှစ်သက်ခြင်း မရှိခဲ့ကြပေ။ ခရစ်နှစ် ၁၈၁၈ ခုနှစ်တွင် ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ပဲခူးမြို့ ရွှေမော်ဓေါဘုရားကြီးပေါ်သို့ တက်ရောက်ရာတွင် ဖိနပ်မချွတ်ဘဲ တက်ရောက်ကြည့်ရှုရသည့် အကြောင်း ပြည်သူတို့ ကြားသိရသောအခါ ဂေါပကလူကြီးများက ရန်ကုန်မြို့ ဝိုင်အမ်ဘီအေအသင်းကြီးသို့ တိုင်ကြားခဲ့ပါသည်။ အသင်းကြီး ၏ အတွင်းရေးမှူးဖြစ်သော ဝတ်လုံတော်ရဦးသိမ်းမောင်သည် ပြည်မြို့တွင်နေထိုင်ခဲ့စဉ် ရွှေဆံတော်ဘုရား ခြေတော်ရင်း၌ ဥရောပတိုက် သားများမှအပ ဖိနပ်စီးခွင့်မပြုဟူသော ဆိုင်းဘုတ်ဖြတ်ချရေးကို ကြိုးစားခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ၌လည်း ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ဥပဇာရင်ပြင်တော်၌ ဥရောပတိုက်သားများ ဖိနပ်မစီးရေးကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

အတွင်းရေးမှူး ဦးသိမ်းမောင်သည် ဘုရားပေါ်တွင် ဖိနပ်စီးသည့်ကိစ္စကို အကြောင်းပြု၍ ရန်ကုန်မြို့ ဂျူဗလီခန်းမတွင် ၁၉၁၈ ခု မေလ ၉ ရက်၌ ပြည်လုံးကျွတ်အစည်းအဝေးခေါ်ယူ၍ တင်ပြဆွေးနွေးကြပါသည်။ ယင်းလူထုအစည်းအဝေးမှ ဘုရားမြေ၊ ကျောင်းမြေအတွင်း ဖိနပ်မစီးရဟူသော အဆိုတစ်ရပ်ကို ချမှတ်နိုင်ခဲ့သည်။

သာသနာ့အဆောက်အအုံ၊ စေတီတော်၊ ဘုရားဝတ္တကမြေများပေါ်တွင် နိုင်ငံခြားသားများ ဖိနပ်စီးခြင်းကို မြို့ရောတောပါ ဗုဒ္ဓ ဘာသာဝင် ပြည်သူများက မလိုလားကြသဖြင့် “ ဖိနပ်မစီးရေး” ကိစ္စမှာ အောင်မြင်သွားခဲ့လေသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဘုရားပေါ်တွင် ဖိနပ်စီးခြင်းကို တားမြစ်လိုက်နိုင်သဖြင့် ကိုလိုနီနယ်ချဲ့၏သြဇာကို ကန့်သတ်နိုင်ခဲ့ပြီး အမျိုးသားရေးအတွက် တစ်နည်းတစ်ဖုံ သွေးထိုးလှုံ့ဆော်နိုင်ခဲ့ပါသည်။ ‌ရွှေတိဂုံစေတီတော်တွင် ဖိနပ်မစီးရေးအတွက် မြန်မာမျိုးချစ်များသည် အမျိုးဂုဏ်၊ဇာတိဂုဏ်ကို ပြလျက် ကန့်ကွက်ရာမှ အောင်မြင်မှုသည် ဗုဒ္ဓသာသနာတော် အရှည်တည်တံ့စေရေးအတွက် အထင်ကရအောင်မြင်မှု ဖြစ်ရပ်ဖြစ်ပါသည်။

ခေတ်သစ်မြန်မာတို့၏ နယ်ချဲ့တော်လှန်ရေး ခြေကုတ်စခန်းကြီးတစ်ရပ်ဖြစ်ခြင်း

ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ မြန်မာ့အာရုံ ခညောင်းရာ လူမှုဘဝအဖုံဖုံ ပေါင်းယှက်ဆုံဆည်းရာ “မြန်မာ့လူမှုရေးအချက်အချာဒေသ” တစ်ခုပမာဖြစ်နေပါသည်။ ခေတ်သစ်ရန်ကုန်မြို့မှာ အစိုးရလုပ်ငန်းများ၊ ကုန်တိုက်ကြီးများ၊ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများ၊ ဘဏ်များ၊ သိပ္ပံကောလိပ်ကျောင်းများ ထူထောင်လာခဲ့သဖြင့် တပြည်လုံးအရေးကို ရန်ကုန်မြို့တော်မှပင် ကြိုးကိုင်ဆောင်ရွက်လာသည့် အခြေအနေ ဖြစ်လာကြပါသည်။

  ဤအချိန်တွင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၌ အလုပ်သမား၊ လယ်သမား၊ ကုန်သည်ပွဲစား၊ စာရေးစာချီ၊ မင်းမှုထမ်းများ၊ ကျောင်းသားများဟူ၍ ခေတ်ကာလအလိုက် လူတန်းစားဘဝအလွှာလွှာ အသီးသီး ကွဲကွဲပြားပြား ပေါ်ပေါက်လာခဲ့ကြပါသည်။ ထိုသူများတွင် မြန်မာ၊ မွန်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း အစရှိသည့် တိုင်းရင်းသားပေါင်းစုံတို့ဖြစ်ကြပါသည်။ ထိုသူတို့သည် ဗုဒ္ဓဘာသာဝင်များသော် လည်းကောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် နီးစပ်ပွန်းတီးရင်းနှီးသူများသော်လည်းကောင်း ဖြစ်ကြပါသည်။

  ကိုလိုနီနယ်ချဲ့စနစ်၊ အင်္ဂလိပ်အစိုးရ၏အုပ်ချုပ်မှုအောက်တွင် အခန့်သင့်သလို နေထိုင်လုပ်ကိုင် အသက်မွေးနေကြရသော်လည်း၊ ပေါ့ပေါ့ဆဆနေကြသူများမဟုတ်။ ကိုလိုနီနယ်ချဲ့စနစ်လက်အောက်၌ ခေတ်သစ်လူနေမှုစနစ်တွင် အကျုံးဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတို့နှင့် ထိတွေ့ခွင့်ရခြင်း၊ ခေတ်မှီနည်းပညာကိုသင်ကြားရခြင်း၊ နိုင်ငံတကာအတွေ့အကြုံရရှိခြင်း စသည်တို့သည် မြန်မာတို့၏ရှိပြီး သား အသိဉာဏ်ကိုတိုးပွား‌အောင်၊ ကျယ်ဝန်းအောင်၊ ဖန်တီးပေးခဲ့ကြသည်ဟုဆိုနိုင်ပါမည်။

  အကျိုးအကြောင်းဆက်စပ်မျှော်ခေါ်နိုင်သော ခေါင်းဆောင်ခေါင်းရွက်လုပ်သူတို့အား “အမျိုး၊ ဘာသာ၊ ပညာ” ဟူသော ကြွေးကြော်သံကို ကြွေးကြော်လာကြသည်။ ဤကြွေးကြော်သံများ ကြားလိုက်လျှင်မူ မြန်မာပင်ကိုဉာဏ်ဖြင့် သိမှီသမျှ ဝေဖန်ချင့်ချိန်တွေးတော ကြမည်ဖြစ်ပါသည်။ ထိုကာလ၌မှ မြန်မာပြည်တစ်ပြည်လုံး “ထီးကျိုးအုတ်ပေါက်” နိုင်ငံပျောက်ခဲ့သည်ရမှာ မကြာမတင် နှစ်ပေါင်း ၂၀၊ ၃၀ အတွင်း ဖြစ်ခဲ့ရသည်တို့ ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်၏ အရိပ်အာဝါသတွင်နေထိုင်ရသော ခေတ်မီစပြုလာသော မြန်မာတို့၏စိတ်ထဲတွင် တိုင်းပြည်အုပ်ချုပ်ရေး ဩဇာသည် တိုင်းတပါးလူမျိုးခြားတို့၏ လက်ဝယ်၌ရှိနေသော်လည်း လူမှုရေးဩဇာ၊ ယဉ်ကျေးမှုဩဇာတို့သည်ကား ရွှေတိဂုံစေတီတော်ကြီး ကဲ့သို့သော ရိုးရာအမွေအနှစ်အဆောက်အအုံကြီးတို့၌ပင် ကိန်းအောင်းနေသေးသည့် သဘောပင်ဖြစ်ပါ သည်။

သို့အတွက်မြန်မာတို့၏ အထွဋ်အမြတ်ပြုရာ ဘုရားစေတီတော်ကို တက်‌ရောက်သူတိုင်းသည် မြန်မာ့ယဉ်ကျေးမှုထုံးထမ်းစဉ်လာအရ ဘိနပ်၊ ခြေနင်းတို့ကိုချွတ်ပြီးမှ တက်ရောက်ကြရပါသည်။ ထိုသို့ ဘိနပ်မချွတ်ဘဲတက်ရောက်ကြသူတို့ကို မြန်မာတို့၏မျက်စေ့ထဲတွင် အမြင်မဖြောင့်၊ မကြည်ဖြူနိုင်၊ ခွင့်မလွှတ်နိုင်ဖြစ်ကြရပါသည်။

  ထို့အပြင် မြန်မပြည်သူပြည်သားများ လွတ်လပ်စွာကြည်ညိုဖူးမြော်နိုင်ရမည့် စေတီတော်ကြီး တွင် မုခ်ပေါက်တစ်ဘက်ကိုပိတ်၍ စစ်တပ်ဆွဲထားခြင်း၊ ရင်ပြင်တော်တွင် စစ်သင်္ချိုင်းပြုလုပ်မြှုပ်နှံထား ခြင်းတို့ကိုလည်း မြန်မာတို့အနေဖြင့် အလိုမကျ၊ ကန့်ကွက်၊ ရှုံချ‌ရေးသားလာကြသည်ကို တွေ့မြင်ရပါ သည်။

  ထိုအခါတိုင်းပြည်အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးရန် အသင်းအဖွဲ့များကို ခေတ်ကာလ လိုအပ် ချက်နှင့်အညီ သဘာဝကျစွာ တည်ထောင်ခဲ့ကြပါသည်။ ယင်းတို့အနက် ၁၉၀၆ ခုနှစ်တွင် တည်ထောင် သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှာ ဦးစွာပေါ်ပေါက်လာသော အသင်းတစ်သင်းဖြစ်ပါ သည်။ ထိုအသင်းများသည် အမိအဘ၊ ဆရာသမား၊ ရဟန်းသံဃာစသည်တို့၏ ဩဇာခံကာ စတင် ဆောင်ရွက်လာကြပါသည်။ နယ်ချဲ့သမားကို ဆန့်ကျင်သော ဆုံးဖြတ်ချက်ကိုချလာကြပါသည်။ နယ်ချဲ့ကြီးစိုးသောလုပ်ငန်းဌာနများကို သပိတ်မှောက်သောအခါ သပိတ်စခန်းများကို ရွှေတိဂုံစေတီတော် ရင်ပြင်၌ပင် ဖွင့်ခဲ့ကြပါသည်။ နယ်ချဲ့အစိုးရကိုဆန့်ကျင်အန်တုကာ လမ်းပြလှုံ့ဆော်သော “တို့ဗမာ သီချင်း” ကို ကုန်းတော်ပေါ်တွင်စ၍ သီဆိုလာကြပါသည်။

  ကြာသော်ရွှေတိဂုံကုန်းတော်တစ်ဝိုက်သည် နယ်ချဲ့တော်လှန်ရေးခြေကုတ်စခန်းကြီး ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါသည်။ တိုင်းပြည်လွတ်လပ်‌ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးတို့သည် နိုင်ငံ‌ရေးလုပ်ငန်းဖြစ်သည်။ နိုင်ငံရေးသည် လူမှုရေး၌အကျုံးဝင်သည်။ ထို့ကြောင့်ရွှေတိဂုံစေတီတော်သည် နယ်ချဲ့သမားတို့အား ထိုး နှက်ရန် မြန်မာတို့၏ လူမှုရေးခံကတုတ် ယဉ်ကျေးမှုခံကတုတ်ကြီး ဖြစ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။