ရွှေတိဂုံစေတီတော် လမ်းညွှန်

ထီးတော်စေတီတော်
ကောဇာသက္ကရာဇ် (၁၂၃၃)၊ ခရစ်နှစ် (၁၈၇၁)ခုနှစ်က မင်းတုန်းမင်း တရားကြီး တင်လှူခဲ့သော ထီးတော်ကြီးသည် ဟောင်းနွမ်းဆွေးမြေ့ ပျက်စီးနေသောကြောင့် ရွှေတိဂုံစေတီတော် ထာဝရဘက်စုံ ပြုပြင်မွမ်းမံ တည်ဆောက်ရေးဦးစီးကော်မတီသည် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများထံ ဩဝါဒခံယူပြီး မြန်မာအင်ဂျင်နီယာ ပညာရှင်၊ ဗိသုကာပညာရှင်များ၏ ပေါင်းစုအားဖြင့် ကောဇာ သက္ကရာဇ် (၁၃၆၁)ခုနှစ်၊ ဦးတန်ခူး လပြည့်ကျော် (၄)ရက်၊ (၅)ရက်၊ (၆)ရက် (ခရစ်နှစ် ၁၉၉၉ခုနှစ်၊ ဧပြီလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်)နေ့များတွင် ရွှေထီးတော်သစ် တင်လှူပူဇော်ခဲ့ပါသည်။
ရွှေတိဂုံစေတီတော်တွင် ထီးတော်သစ်တင်ပြီးသောအခါ မင်းတုန်း မင်း ထီးတော်၏ အစိတ်အပိုင်းများအား မူလပုံသဏ္ဍန်ပေါ်အောင် ပြန်လည် စုစည်းပြီး အများပြည်သူတို့ ဖူးမြော် ကြည်ညိုနိုင်ကြစေရန် မင်းတုန်းမင်း ထီးတော်စေတီကို တနင်္ဂနွေထောင့်တွင် တည်ဆောက်ခဲ့ကြသည်။ မင်းတုန်းမင်းထီးတော်ကြီးပါ ကြာကလပ်သည် ၀.၆ တန် လေးပါသည်။ ရွှေတိဂုံစေတီတော်ရှိ မူလကြာကလပ်တော်နှင့် ပုံစံတူအရွယ်တူ ပြုလုပ် ထားခြင်း ဖြစ်ပါသည်။
မင်းတုန်းမင်းထီးတော်စေတီကို တည်ဆောက်ထားပုံမှာ ထီးတော်ကို အမြင့်တွင်ထားပြီး အဆောက်အဦးကို စက်ဝိုင်းပုံ တည်ဆောက်ထားပါသည်။ ဝင်ပေါက်ကို အနောက်အရပ်၌ ပြုလုပ်ထားပြီး ဝင်ပေါက်သည် အရပ်လေး မျက်နှာတွင် ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူကို ပူဇော်ထား ပါသည်။
ယင်းထီးတော်စေတီကို ကောဇာသက္ကရာဇ် (၁၃၆၁)ခုနှစ်၊ ကဆုန် လဆန်း (၅)ရက်၊ (၁၉၉၉ ခုနှစ်၊ ဧပြီလ ၁၉ ရက်)နေ့တွင် အုတ်မြစ်တော်စီ၍ စတင် တည်ဆောက်ခဲ့ရာ ၁၃၆၁ ခုနှစ်၊ နတ်တော်လပြည့် (၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်) နေ့တွင် ရွှေထီးတော်တင်လှူပြီးစီးသည်။
မင်းတုန်းမင်းထီးတော်စေတီဘေးတွင် အင်္ဂတေဖြင့် ပြုလုပ်ပူဇော် ထားသည့် မင်းတုန်းမင်း ထီးတော်ပုံစေတီနှင့် ဆင်ဖြူရှင်မင်းထီးတော်ပုံ စေတီ နှစ်ဆူလည်းရှိသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်