ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း
မဟာသက္ကရာဇ် ၆၇ ခုနှစ်၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေဝီ မိဖုရားခေါင်ကြီး၏ ဝမ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ဝင်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူ၏။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် ကပ္ပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား လုမ္ဗိနီအင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနစ်ဖဝါး လှမ်းကြွတော်မူ၍ “ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။” “ငါသည် လောကတွင် အကြီးအကဲဆုံးဖြစ်၏။” “ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏” ဟူသော သုံးခွန်းသောစကားကြုံးဝါးတော်မူ၏။