ထီးနန်းစိုးစံတော်မူခန်း
အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် တစ်ဆယ့်ခြောက်နှစ်ရောက်သော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ကို တောမထွက်စေရန် “ရမ္မ” မည်သော ဆောင်းရာသီစံနန်းပြသာဒ်၊ “သုရမ္မ” မည်သော နွေရာသီစံနန်းပြသာဒ်၊ “သုဘ” မည်သော မိုးရာသီစံနန်းပြသာဒ်များ တည်ဆောက်ပြီး၊ အလှည့်အလည် စံမြန်းစေပါသည်။ ရွှေအဆင်း ကဲ့သို့ လှပသော ယသောဓရာမင်းသမီးနှင့် ထိမ်းမြားပေးတော်မူပြီး အာရုံငါးပါးတို့ဖြင့် အလွန်သာယာဖွယ်သော အဖျော်အဖြေကို ခံယူစေကာ ထီးနန်းစည်းစိမ်ကို ခံစားစေတော်မူ သည်။