ဒုက္ကရစရိယာကျင့်တော်မူခန်း
ဘုရားအလောင်းတော်သည် ဥရုဝေလတောတွင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံ အားထုတ်တော်မူ၍ အစဦးတွင် ဆွမ်းခံလှည့်၍စားသုံး၏။ နောင်တွင် အစာအာဟာရကို ခြိုးခြံချွေတာ သုံးဆောင်တော်မူသည်။ တစ်နေ့တာအတွက် ဆန်စေ့တစ်စေ့၊ ပဲနောက်စေ့ တစ်စေ့ (သို့မဟုတ်) ပဲပြုတ်ရည်တစ်ဇွန်းကိုသာ သုံးဆောင်တော်မူ၏။ ဤသို့ကျင့်ကြံသော် အာဟာရဓါတ်နည်းပါးသောကြောင့် ကြုံလှီဖျော့တော့ အားအင်ကုန်ခမ်း၍ မျက်နှာတော် နှင့် ဦးခေါင်းတော်သည် ဘူးသီးနုနုနေလှမ်း၍ ရှုံ့ခွက်နေသကဲ့သို့ဖြစ်၏။ အသားအရေသည် ငါးခူရောင် ကြမ်းပိုးကျောက်ကုန်းအရောင်ဖြင့် ခြောက်သွေ့နေပြီး ကိုယ်ကိုလက်ဖြင့် သုံးသပ်သော် အမွှေးတို့ ကျွတ်ကုန်၏။ နံရိုးတို့သည် ဇရပ်အိုမှ ဖရိုဖရဲကြဲသော အခြင်တို့ ကဲ့သို့ဖြစ်၍ ဝမ်းဗိုက်ကိုကိုင်သော် ခါးဆစ်ကို ကိုင်မိ၏။ တင်ပါးနှစ်ဖက်သည် ကုလားအုပ် ခွာကဲ့သို့ ရှုံ့ခွက်နေ၍ မတ်ရပ်ထသောနေရာ၌ လဲ၍ကျလေသည်။
သဗ္ဗညုတဉာဏ်တော် ရလိုသောကြောင့် ကျင့်နိုင်ခဲလှသော ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစတိုင်တိုင် ကျင့်တော်မူ၏။