ဘုရားဖြစ်တော်မူခန်း
အလောင်းတော်သည် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်သော် လည်း သဗ္ဗညုတဉာဏ် မရနိုင်သဖြင့် မဇ္ဈိမပဋိပဓာ အကျင့်လမ်းကြောင်းပြောင်း၍ အာနပါန စတုတ္ထဈာန်ကို ဝင်စားတော်မူ၏။ ယင်းဈာန်ဝင်စားနိုင်ရန် ဆွမ်းခံလှည့်၍ ရသမျှ အာဟာရကို မျှတဘုန်းပေးတော်မူရ၏။ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူး နေ့တွင် မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၍ နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူသည်။
ညဉ့်ဦးယံဝယ် “ပုဗ္ဗေနိဝါသဉာဏ်” ရတော်မူ၏။
သန်းခေါင်ယံဝယ် “ဒိဗ္ဗစက္ခုဉာဏ်” ရတော်မူ၏။
မိုးသောက်ယံဝယ် “အာသဝက္ခယဉာဏ်” ရတော်မူလျက် ဘုရားအဖြစ်သို့ ရောက်တော်မူ လေသည်။ ထိုအခါ “အနေကဇာတိသံသာရံ” အစချီသော ဥဒါန်းကို ကျူးရင့်တော်မူ၏။