ဓမ္မစကြာတရားဟောတော်မူခန်း
မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် ကာမဂုဏ်တို့၌ မွေ့လျှော်သော ဤသတ္တဝါ များကို တရားဟောသော် တရားကို လွယ်ကူစွာနားလည်နိုင်ကြမည် မဟုတ်ကုန်။ တရား ဟောလျင် ပင်ပန်းရုံသာဖြစ်မည်ဟု အကြံဖြစ်လာ၏။ သဟမ္ပတ္တိဗြဟ္မာကြီး တောင်းပန် ချက်အရ တရားဟောရန်သင့်မည့် ပုဂ္ဂိုလ်ကို ကြည့်လတ်သော် ပဉ္စဝဂ္ဂီငါးဦးကိုသာ မြင်လေ၏။ ပဉ္ဏဝဂ္ဂီငါးဦးရှိရာ မိဂဒါဝုန်တောသို့ ဝင်ပြီးနောက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့် စနေနေ့ ညချမ်းနေမင်းလည်း ဝင်လုဆဲကာလ လမင်းလည်း ထွက်ပေါ်လု ဆဲဆဲကာလတွင် “ဒွေ မေ ဘိက္ခဝေ” အစချီသော တရားဦး ဓမ္မစကြာကို ဟောတော်မူ၏။