အဘိဓမ္မာတရားဟောကြားတော်မူခန်း
မြတ်စွာဘုရားသည် သတ္တမဝါကို တာဝတိံသာနတ်ပြည်၌ ကပ်တော်မူ၍ ကသစ်ပင် ခြေရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူကာ မယ်တော်နတ်သား အမှူးပြုသော နတ်သိကြားဗြဟ္မာအပေါင်းကို အဘိဓမ္မာတရား ဟောတော်မူ၏။ နေ့စဉ် လူ့ပြည်သို့ ကြွရောက်တော်မူပြီး စန္ဒကူးတော၌ ဆွမ်းဘုန်းပေး၍ နေ့သန့်နေတော်မူစဉ် ရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းချုပ်ကို ဟောတော်မူနေ၏။ တာဝတိံသာ နတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က ဆက်လက်ဟောကြားတော်မူနေ၏။ တာဝတိံသာ နတ်ပြည်၌ တစ်ဝါတွင်းလုံး ဟောတော်မူပြီး သီတင်းကျွတ် လပြည့်နေ့၌ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူ၏။