ရွှေတိဂုံစေတီတော် လမ်းညွှန်

နယုန်လ  –  မဟာသမယအခါတော်နေ့အခမ်းအနား

          မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်‌တော်မူပြီး ငါးဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၈ခုနှစ်၊ နယုန်လတွင် ကပိလဝတ် ပြည်နှင့် ကောလိယပြည်တို့မှ တောင်သူလယ်သမားများသည် ရောဟိဏီ မြစ်ရေကို ခွဲဝေသုံးစွဲရာတွင် ညီညွတ်မျှတမှုမရှိသည်မှ အစပြုကာ တိုင်းပြည်အချင်းချင်း စစ်ခင်းပြိုင်သော အခြေအနေသို့ရောက်ရှိလာသောအခါတွင် မြတ်စွာဘုရား ဖြန်ဖြေဟောကြားတော်မူသော တရားတော်ကို နာယူရ၍ ငြိမ်းချမ်းရေးရရှိကာ တိုင်းပြည်တစ်ခုလျှင် မင်းသား (၅၀၀) ငါးရာစီ ဘုရားရှင်ထံ ရဟန်းပြုစေခဲ့ပါသည်။ အဆိုပါ ရဟန်းတော် များသည် တရားအားထုတ်ကာ မိမိတို့ရရှိသော တရားထူးကို မြတ်စွာ ဘုရားထံသို့ လျှောက်ထားရန် စုဝေးရောက်ရှိလာသော နယုန်လပြည့် နေ့ကို မဟာသမယနေ့ဟု ခေါ်ဆိုသတ်မှတ်ခဲ့ကြပါသည်။ နယုန်လပြည့် မဟာသမယနေ့ကို ရောက်သောအခါတွင် ဗုဒ္ဓဘာသာဝင်သူတော်စင်များ စုပေါင်း၍ မဟာသမယဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကြသည့် ထုံးကိုနှလုံးမူပြီး ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သည် နယုန်လပြည့်နေ့- နံနက် အရုဏ်တက်ချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စ အသင်းများအကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများမှ စုပေါင်း၍  ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်ဧည့်ခံတန်ဆောင်းအတွင်းတွင် စေတီတော်ကြီးကိုဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊ရောင်တော်ဖွင့် တန်ဆောင်းအတွင်း၌ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် အလှည့်ကျ စောင့်ရှောက်ရေးသံဃာတော်များကို အရုဏ်ဆွမ်းဆက်ကပ်လှူ ဒါန်းခြင်း၊ နံနက်(၀၆၃၀)အချိန်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းအတွင်း၌ ဆရာတော်ကြီးများထံမှ မဟာသမယနေ့ ဆိုင်ရာ တရားတော်များနှင့် ရေစက်ချအနုမောဒနာ တရားတို့ကို နာကြားခြင်း၊ နံနက် (၀၇၀၀) အချိန်တွင် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဂေါပကအဖွဲ့ရုံးဝန်ထမ်းများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းရှေ့တွင်စုစည်း၍ ကပိလဝတ်နှင့် ကောလိယအမည်ပါ ဆိုင်းဘုတ် နှစ်ခု နောက်တွင် ရာဇာဝင်းခင်းကျင်းပြီး အုပ်စုနှစ်စု ခွဲလိုက်ပါလျက် စေတီတော်ကြီးကို လက်ယာရစ်လှည့်လည်ပြီး ချမ်းသာကြီးတန်းဆောင်း အတွင်းသို့ ဝင်ရောက်ကာ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများစုပေါင်း၍ မဟာသမယဒေသနာတော်များ ရွတ်ဆို ပူဇော်ခြင်းတို့ဖြင့် မဟာ သမယနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်