ရွှေတိဂုံစေတီတော် လမ်းညွှန်

နာဂစ်မုန်တိုင်းတိုက်ခတ်ခြင်း

၂-၅-၂၀၀၈ ခုနှစ် ည (၁၁) နာရီခန့်တွင် စတင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း၏ အရှိန်မှာ ၃-၅-၂၀၀၈ ခုနှစ် နံနက် (၂) နာရီခန့်တွင် ရွှေတိဂုံစေတီတော်ရင်ပြင်အနှံ့ ပြင်းပြင်းထန်ထန် တိုက်ခတ်လာပါသည်။ တစ်နာရီမိုင် (၇၀) နှုန်းခန့်ဖြင့် စတင်တိုက်ခတ်လာသော မုန်တိုင်း ကြီးမှာ မိုင် (၁၂၀) နှုန်းအထိ မြင့်တက်ခဲ့ပြီး မုန်တိုင်း၏ထုထည်ပမာဏ အချင်းဝက်မှာ မိုင် (၁၂၀) မျှ ကျယ်ဝန်းပေ၏။ ရွှေတိဂုံစေတီတော် မြတ်ကြီး တည်ထားကိုးကွယ်ရာ သိင်္ဂုတ္တရကုန်းမြေသည် ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၁၉၀) ရှိ၏။ ရန်ကုန်မြို့တွင် အမြင့်ဆုံးဖြစ်၍ လေမုန်တိုင်းဒဏ်ကို အခံရဆုံးဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သက်တမ်းနှစ်ပေါင်း (၂၅၉၆) တွင် သဘာဝဘေးဒဏ်အမျိုးမျိုး ခံရကာ ယခုလည်း “နာဂစ်” မုန်တိုင်းဒဏ်ကို အလူးအလဲ ခံစားရပြန်ပါသည်။
မုန်တိုင်းဒဏ်ကြောင့် ကုန်းတော်တစ်ခုလုံး အပျက်အစီးများဖြင့် ပြည့်နှက်နေရာ ထူးခြားသည်မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ချို့ယွင်းမှုမရှိဘဲ နောင်တော်ကြီးစေတီမှာ ထီးတော်အနည်းငယ် စောင်းသွားပါသည်။ မုန်တိုင်းဒဏ်ကြောင့် ရွှေတိဂုံစေတီတော်ကြီးမှ ရတနာများပြုတ်ကျ၏။ အထက်ပစ္စယံ အရံစေတီ (၆၈) ဆူ ရှိသည့် အနက် အရံစေတီ (၆) ဆူ ပျက်စီးသည်။ ပန်းအိုး၊ ပန်းခိုင် (၄၄) ခု အနက် (၂၉) ခု ပျက်စီးသည်။ မြေစိုက်စေတီ (၄၉)ဆူအနက် (၂၅) ဆူ ပျက်စီးသည်။ ဆီမီးခုံ အရံစေတီ (၈၈) ဆူ အနက် (၈၀) ဆူ ပျက်စီးသည်။ အုတ်ဂူပြာသာဒ်စေတီ (၁၃၀)အနက် (၉၉)ဆူ ပျက်စီးပါသည်။ ရွှေတိဂုံစေတီတော်‌ပေါ်မှ ရတနာပစ္စည်း (၂၃)မျိုး ပြုတ်ကျပါသည်။ ရင်ပြင်တော်ပေါ်နှင့် စောင်းတန်းလေးသွယ်မှာလည်း မုခ်ဦးတန်ဆောင်းအပါအဝင် (၄၃) လုံး ပျက်စီးသွားပါသည်။
ထို့ပြင် အလယ်ပစ္စယံ၊ အောက်ပစ္စယံ တစ်လျှောက်တွင်ရှိသော အုန်းပင်၊ ထန်းပင် နှင့် အခြား သီးနှံပင်များစွာ ပြိုလဲကုန်ပါသည်။ ပျက်စီးမှုများတွင် ဘုရားစေတီများမပါ၊ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက် အာရုံခံတန်ဆောင်းတို့မှာ အပျက်အစီးဆုံးဖြစ်ပြီး အာရုံခံတန်ဆောင်း အနောက်ဘက်ရှိ အရံစေတီကြီးတစ်ဆူပါ ပျက်စီးသွားပါသည်။ မြောက်ဘက် အာရုံခံတန်ဆောင်းလည်း ပျက်စီးသွားပြီး ထန်းပင်နှစ်ပင်ပါ ပြိုလဲသွားပါသည်။ ရင်ပြင်တော်ပေါ်တစ်လျှောက်ရှိ ပျက်စီးသွားသောစာရင်းမှာ လုံခြုံရေးရုံးခန်း အပါအဝင် (၈၄) လုံးဖြစ် ပါသည်။
“နာဂစ်” မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ မည်မျှရှိစေကာမူ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ပျက်စီးသွားသော တန်ဆောင်းများ၊ မုခ်ဦး အာရုံခံတန်ဆောင်းများ၊ ဂူဘုရားများ၊ အရံစေတီများနှင့် မြေစိုက် စေတီများကို ချက်ချင်းစီမံချက်ချ၍ ပြင်ဆင်ပါသည်။ တစ်ဖက်မှလည်း လေမုန်တိုင်းကြောင့် ပျက်စီးသွားသော အဆောက်အဦများအတွက် အလှူခံဌာနဖွင့်လှစ်ထားရာ ပြည်သူတို့မှ သဒ္ဒါတရားထက်သန်စွာ ထည့်ဝင်လှူဒါန်းကြပါသည်။ ရင်ပြင်တော်‌‌ပေါ်ရှိ ဘုရားများ၊ တန်ဆောင်းများ၏ မူလအလှူရှင် များထံသို့လည်း မိမိတို့ လှူဒါန်းထားသော ဘုရားများ၊ တန်ဆောင်းတော်များ ပြန်လည်လှူဒါန်းလိုပါက အချိန်မီ လှူဒါန်းနိုင်ရန် အကြောင်းကြားခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ သဒ္ဓါတရားထက်သန်မှုနှင့် ဗုဒ္ဓဘာသာအပေါ် လေးမြတ်စွာသက်ဝင်ယုံကြည်မှု အစဥ်အလာအတိုင်း ဗုဒ္ဓသာသနာ၏ အမွေကောင်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြသဖြင့် ယခုအခါ ရွှေတိဂုံစေတီတော်ကြီးမှာ ရွှေရောင်တဝင်းဝင်း၊ အလင်းတထိန်ထိန်ဖြင့် မြန်မာတို့၏ဂုဏ်သိမ်ကို ဖော်ညွှန်းပြသလျက် ရှိပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်