ရွှေတိဂုံစေတီတော် လမ်းညွှန်

သဘာဝဘေးဒဏ်

၁။ သက္ကရာဇ် ၈၅၆ခုနှစ်၊ ဓမ္မစေတီမင်း၏သားတော် ဗညားရန်စီမင်းလက်ထက် လေပြင်းမုန်တိုင်း သည်းထန်စွာ ကျရောက်၍ ရွှေတိဂုံ စေတီတော်ထီးတော်သည် အနောက်မြောက် တစ်တိုင်ကွာတိုင် လွင့်စင်၍မြေခရ၏။ ဗညားရန်စီမင်းမှ စစ်အင်္ဂါလေးပါးနှင့် သွားရောက် ကောက်ယူတော်မူ၍ ထီးတော်အသစ် လုပ်ဆောင်ကာ ရွှေထီးအထွတ်တင်လှူ၏။ ထို့ပြင် ရွှေတိဂုံစေတီတော် ပထမပစ္စယာ ပလ္လင်အထက်၌ စေတီရံ (၄၈)ဆူကို သက်စေ့တည်တော်မူ၏။
၂။ သာသနာနှစ် ၁၅၆၄ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးလက်ထက်၌ ငလျင်ပြင်းထန်စွာ လှုပ်ခပ်ပြန်၍ ထီးတော်ပြိုကျခဲ့ရာ ၁၅၇၂ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးကိုယ်တိုင် ပြင်ဆင်၍ ထီးတော်အသစ်ကို တင်လှူ တော်မူ၏။
၃။ ၁၅၈၂ ခုနှစ်တွင် ငါးဆူဒါယိကာ နန္ဒဘုရင်လက်ထက်တွင် ထီးတော်အသစ်တင်လှူခဲ့၏။
၄။ ၁၆၀၈ ခုနှစ်တွင် ငလျင်ကြောင့် စေတီတော်အပျက်အစီးများကို သံဃာတော်များက ဦးစီးပြီး ပြည်သူများမှ စုပေါင်းပြင်ဆင်ကာ ထီးတော်သစ်ကို တင်လှူခဲ့ကြသည်။
၅။ ၁၆၁၉ ခုနှစ်တွင် အနောက်ဘက်လွန်မင်းကြီးလက်ထက် ထီးတော်အသစ်တစ်ကြိမ် တင်လှူခဲ့သည်။ ၁၆၂၀ ခုနှစ်တွင်ငလျင်လှုပ်၍ စေတီတော်အထက်ပိုင်းပြိုကျသည်ကို ၁၆၂၁ ခုနှစ်တွင် အနောက်ဘက်လွန်မင်းကြီးမှပင် ပြုပြင်၍ ထီးတော်သစ်တင်လှူ၏။
၆။ ၁၆၄၄ ခုနှစ်တွင် ငလျင်လှုပ်၍ ပြိုကျပြန်ရာ သာလွန်မင်းတရားကြီးမှ ပြုပြင်၍ ထီးတော်သစ် တင်လှူ၏။
၇။ ၁၆၅၂ ခုနှစ်တွင် ငလျင်လှုပ်၍ ပြိုကျပြန်ရာ ပင်းတလဲမင်းမှ ပြုပြင်၍ ထီးတော်သစ် တင်လှူ၏။
၈။ ၁၆၆၂ ခုနှစ်တွင် ငလျင်လှုပ်၍ ထီးတော်မြေခသည်ကို ပြည်မင်းမှ အသစ်မွမ်းမံ တင်လှူ၏။
၉။ ၁၆၆၄ ခုနှစ်တွင် ငလျင်လှုပ်၍ ထီးတော်မြေခသည်ကို ပြည်မင်းမှပင် ပြင်ဆင်မွမ်းမံ၍ ထီးတော်သစ် တင်လှူ၏။
၁၀။ ကောဇာသက္ကရာဇ် ၁၁၃၀ ပြည့်နှစ်၊ သာသနာနှစ် ၂၃၁၂ ခုနှစ်တွင် အလောင်းမင်းတရားကြီး၏ ဒုတိယ သားတော် ကုန်းဘောင်ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်တွင် မြေငလျင်ပြင်းစွာလှုပ်၍ ရွှေတိဂုံစေတီတော် ဆတ်သွားဖူးမှ ပထမဖောင်းရစ်မှ ပထမဖောင်းရစ်အထိ ပြိုကျပျက်စီးခဲ့ရ၏။ မင်းတရားကြီးသည် အောက်ခြေ ပစ္စယာကိုတိုးချဲ့၍ အမြင့်အရပ်ကိုလည်း အချိုးကျ တိုးမြှင့် တည်ဆောက်ခဲ့ရာ ယနေ့ဖူးတွေ့နေရသော ရွှေတိဂုံစေတီတော် ကြီး၏ ဉာဏ်တော်အမြင့် (၃၂၆) ပေထိတိုင်ဖြစ်ပေသည်။ မင်းကြီးသည် မိမိကိုယ်အလေးချိန်နှင့် ညီမျှသော ရွှေ (၄၇) ပိဿာ (၃၅) ကျပ်သားကို မျက်ပါးခပ်၍ ဆတ်သွားဖူးမှ ဖိနပ်တော်အထိ ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်း ဆပ်ကပ်၏။ ထို့နောက် ဘုံခုနှစ်ဆင့်ပါသော ထီးတော်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား စီခြယ်အပ်သော ဆတ်သွားဖူး၊ စိန်ပျံ၊ ငှက်မြတ်နားတို့နှင့် ရွှေဆည်းလည်း၊ ငွေဆည်းလည်း၊ ပဉ္စလောဟာဆည်းလည်းတို့ဖြင့် မွမ်းမံအပ်သော ထီးတော်ကို သက္ကရာဇ် ၁၁၃၆ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် စစ်အင်္ဂါလေးပါး စီစဉ်ခင်းကျင်း၍ ထီးတော်အထွတ် တင်လှူတော်မူ၏။
၁၁။ သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် ဒုတိယအင်္ဂလိပ်နယ်ချဲ့စစ်ပွဲ ပြီးဆုံး၍ ယင်းစစ်ပွဲကာလအတွင်း အင်္ဂလိပ်တို့က သိင်္ဂုတ္တရကုန်းတော်ကို တပ်စွဲတိုက်ခိုက်သည့်အပြင် စေတီ၏အချို့အစိတ်အပိုင်းများ ဖျက်စီးခြင်း၊ ပထမပလ္လင်အထက် အရှေ့အလယ်တည့်တည့်မှ မြေအား ဖျက်စီးခြင်းတို့ကြောင့် သက္ကရာဇ် ၁၂၁၆ ခုနှစ်တွင် စစ်ကဲကြီးဦးထော်လေး ကမကထပြု၍ ပြည်သူများက ပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့ရ ပါသည်။
၁၂။ သက္ကရာဇ် ၁၂၃၁ ခုနှစ်တွင် ဆင်ဖြူရှင်မင်းတရားကြီးတင်လှူခဲ့သော ထီးတော်မှာ နှစ်ပေါင်း (၉၅)နှစ် ကြာပြီဖြစ်၍ ဟောင်းနွမ်း နေကြောင်း စစ်ကဲကြီးဦးထော်လေးအမှူးပြုသည့် ပြည်သူများ လျှောက်ထားချက်အရ မင်းကြီးလည်း ဝမ်းမြောက်စွာဖြင့် ထီးတော်သစ်ကြီး ပြုလုပ်ကာ သက္ကရာဇ် ၁၂၃၃ ခုနှစ်၊ နတ်တော်လဆန်း (၈) ရက်မှ (၁၅) ရက်တိုင် ပွဲသဘင်ကျင်းပလျက် မင်းကြီးကိုယ်စား ပုပ္ပါးမြို့စားမင်းက ကြီးကြပ်ကာ ထီးတော်အသစ်ကို တင်လှူတော်မူ၏။
၁၃။ သက္ကရာဇ် ၁၂၅၀ ပြည့်နှစ်တွင် ငလျင်ပြင်းစွာလှုပ်၍ စေတီတော်၏ ငှက်မြတ်နားမြေခရာ ပြည်သူအပေါင်းမှ ငှက်မြတ်နားအား ပြန်လည်ကောက်ယူအသစ်ပြုလုပ်ပြီး ယင်းနှစ် တပေါင်းလ ရွှေတိဂုံပွဲတော်အခါတွင် စည်ကားစွာ ပြန်လည်တင်လှူ၏။
၁၄။ သက္ကရာဇ် ၁၂၈၁ ခုနှစ်တွင် မြေငလျင်ပြင်းစွာလှုပ်၍ ရွှေတိဂုံစေတီတော် ပိန္နဲတိုင် အနောက်မြောက်ဘက်သို့ ယိမ်းယိုင်သွား၏။ ယိမ်းယိုင်သွားသော ပိန္နဲတိုင်ကို ပြန်လည်တည့်မတ်၍ အသစ်ပြုပြင်ပြီးစီးသွားသော စိန်ဖူး၊ ငှက်မြတ်နားတော်ကြီးကို ဘဏ္ဍာတော်ထိန်းအဖွဲ့ ဦးဆောင်၍ ပြည်သူများက သက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် တင်လှူကြ၏။
၁၅။ သက္ကရာဇ် ၁၂၉၂ ခုနှစ်တွင် မြေငလျင်ပြင်းစွာလှုပ်ပြန်၏။ လှုပ်ခတ်ချိန်ကြာမြင့်သဖြင့် စေတီတော်မြတ်ကြီး၏ ထီးတော်အထက် ပိန္နဲတိုင်ကြီးကျိုး၍ စိန်ဖူး၊ ငှက်မြတ်နားတို့သည်လည်း အနောက်မြောက်ဘက် ထီးဆက်ပေါ်သို့ တွဲလွဲကျလျက်ရှိ၏။ ထိုအခါစိန်ဖူး၊ ငှက်မြတ်နားတို့အား ကြိုးဖြင့်ချ၍ ပရိဘောဂတိုက်တွင် အများပြည်သူ ပူဇော် နိုင်ရန်နှင့် ထပ်မံလှူဒါန်းနိုင်ရန် ထားရှိ၏။ ပြည်သူတို့လည်း ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားစသည့် ရတနာများစွာ လှူဒါန်း၏။ ထို့နောက် ပြီးပြည့်စုံပြီးဖြစ်သည့် စိန်ဖူး၊ ငှက်မြတ်နား၊ ဆတ်သွားဖူး စသော ထီးအထွတ်များကို သက္ကရာဇ် ၁၂၉၃ ခုနှစ်၊ ကဆုန်လဆန်း (၁၅)ရက်နေ့တွင် စည်ကားစွာ တင်လှူပူဇော်ကြ၏။
၁၅။ သက္ကရာဇ် ၁၂၉၂ ခုနှစ်တွင် မြေငလျင်ပြင်းစွာလှုပ်ပြန်၏။ လှုပ်ခတ်ချိန်ကြာမြင့်သဖြင့် စေတီတော်မြတ်ကြီး၏ ထီးတော်အထက် ပိန္နဲတိုင်ကြီးကျိုး၍ စိန်ဖူး၊ ငှက်မြတ်နားတို့သည်လည်း အနောက်မြောက်ဘက် ထီးဆက်ပေါ်သို့ တွဲလွဲကျလျက်ရှိ၏။ ထိုအခါစိန်ဖူး၊ ငှက်မြတ်နားတို့အား ကြိုးဖြင့်ချ၍ ပရိဘောဂတိုက်တွင် အများပြည်သူ ပူဇော် နိုင်ရန်နှင့် ထပ်မံလှူဒါန်းနိုင်ရန် ထားရှိ၏။ ပြည်သူတို့လည်း ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားစသည့် ရတနာများစွာ လှူဒါန်း၏။ ထို့နောက် ပြီးပြည့်စုံပြီးဖြစ်သည့် စိန်ဖူး၊ ငှက်မြတ်နား၊ ဆတ်သွားဖူး စသော ထီးအထွတ်များကို သက္ကရာဇ် ၁၂၉၃ ခုနှစ်၊ ကဆုန်လဆန်း (၁၅)ရက်နေ့တွင် စည်ကားစွာ တင်လှူပူဇော်ကြ၏။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်