ရွှေတိဂုံစေတီတော် လမ်းညွှန်

ဓါတ်ပုံပြခန်း

မော်ကွန်းဓါတ်ပုံပြခန်းသည် ရွှေတိဂုံစေတီတော်မြောက်ဘက် ရင်ပြင်တော်နှင့် တစ်ဆက် တည်း အောင်မြေအနီးတွင် ရှိပါသည်။ မော်ကွန်းဓါတ်ပုံပြခန်းသည် ယခင် ရွှေတန်ဆောင်းအား ပြန်လည်ပြုပြင်မွမ်းမံ၍ ဓါတ်ပုံပြခန်းအဖြစ် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။
ဓါတ်ပုံပြခန်းကြီးသည် ရွှေတိဂုံစေတီတော်ဆိုင်ရာ သမိုင်းမှတ်တမ်းများ၊ ခေတ်အဆက် ဆက် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ထားခဲ့ကြပုံများကို အမှတ်ရနေစေရန် ဓါတ်ပုံမှတ်တမ်းများ ပြသထားသည့် ရွှေတိဂုံစေတီတော်ဆိုင်ရာ သမိုင်းပြခန်းတစ်ခု ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း သာသနိက အဆောက်အဦများ ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲမှု သမိုင်း ပုံရိပ်များ၊ မိမိတို့ မတွေ့မြင် မကြည်ညိုရသေးသော စေတီပုထိုး ရုပ်ပွားတော်များကို ဓါတ်ပုံပြခန်းတွင် ဦးစွာ လေ့လာကြည်ညိုပြီး ကိုယ်တိုင်သွားရောက် ဖူးမြော်နိုင်စေရန် စေတီတော်ကြီးအား မွန်မြတ် သော စေတနာ၊ သဒ္ဓါတရားများဖြင့် ရွှေ၊ ငွေ၊ ရတနာအဖြာဖြာတို့အား ဆက်ကပ်လှူဒါန်းခြင်းဖြင့် သာသနာတော်အား ချီးမြှောက်ထောက်ပံ့ကြပုံများကို လေ့လာနိုင်စေရန် ရည်ရွယ်၍ ရွှေတိဂုံ စေတီတော် မော်ကွန်းဓါတ်ပုံပြခန်းကို ၂၀၀၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။
ဓါတ်ပုံပြခန်းကြီး စတင်ဖွင့်လှစ်စဉ်က “ရွှေတိဂုံဝန်းကျင် – ရှုလေလျှင်”၊ “ထူးခြားထင်ရှား – သိဖွယ်များ”၊ “ယခင်ယခု – နှိုင်းယှဉ်ရှု”၊ “ရွှေတိဂုံတွင် ဘက်စုံပြုပြင်”၊ “ဦးခိုက်ပူဇော် – ရွှေထီးတော်” ဟူ၍ ကဏ္ဍ (၅) မျိုး ခွဲခြား၍ ဓါတ်ပုံပေါင်း ၃၃၇ ပုံ ပြသထားပါသည်။ နှစ်ကာလ ကြာမြင့်လာသည်နှင့် အမျှ ဓါတ်ပုံများမှာ ဆေးရောင်ပျက်ပြယ်လာခြင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဓါတ်ပုံ အချို့မှာ ရေစိုပျက်စီးလာခဲ့ခြင်းတို့ကြောင့် မကြာမီ လုံးဝ ပျက်စီးသွားနိုင်သဖြင့် Fuji Film Corporation မှ ၎င်းဓါတ်ပုံများကို ခေတ်မီ အဆင့်မြင့်နည်းပညာဖြင့် ပြင်ဆင်၍လည်းကောင်း၊ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လက်ရှိအခြေအနေ တည်ရှိသော စေတီပုထိုး ရုပ်ပွားတော်များအား အရည်အသွေး ကောင်းမွန်သည့် ဓါတ်ပုံများ ပြန်လည်ရိုက်ကူး၍လည်းကောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲခင်းကျင်းပြီး ၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်၍ ဓါတ်ပုံပေါင်း ၂၆၀ ကျော် ပြသခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် ဓါတ်ပုံပြခန်းကြီးအား တတိယအကြိမ် ပြုပြင်မွမ်းမံရာတွင် FUJI FILM Corporation မြန်မာပြည်ဌာနေ ကိုယ်စားလှယ် ဦးမြဇော် နှင့် ဓါတ်ပုံ ဦးသန်းဇော်တို့မှ ပြုပြင်မွမ်းမံ၍ ၉.၇.၂၀၁၇ နေ့တွင် အသစ် ပြန်လည်ပြသခဲ့ပါသည်။ ဓါတ်ပုံပေါင်း ၁၅၁ ပုံ ပြသထားပြီး Black and white (အဖြူ + အမဲ) နှင့် ဓါတ်ပုံ ၅၃ ပုံနှင့် Colour (ကာလာရောင်စုံ) ဓါတ်ပုံ ၈၉ ပုံ ပြသခဲ့ပါသည်။ အဝင် ဘယ်ဘက်ခြမ်းနံရံတွင် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူနှင့် ပတ္တမြားမျက်ရှင်၊ ရာဇမုနိဆင်းတုတော်တို့၏ ပုံတော်ကြီးများ၊ အပြင်မျက်နှာစာတွင် ပတ္တမြားမျက်ရှင်ဘုရား၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား အနီးကပ် ဖူးမြော်ကြည်ညိုနိုင်စေရန် ပုံကြီးချဲ့ ပြသထား ပါသည်။ ထို့အပြင် ရွှေချ ကြေးဆင်းတု ထိုင်တော်မူရုပ်ပွားတော်ကြီး ၃ ဆူနှင့် လျောင်းတော်မူ ၂ ဆူ၊ ကျောက်ဆင်းတု ၁ ဆူ၊ ကြေးဆင်းတုငယ် ၁ ဆူတို့အား ပူဇော်ဝတ်ပြုနိုင်ပါသည်။
ဓါတ်ပုံများကို သံဖရိန်ဘောင်များတွင်ကပ်၍ ချိတ်ဆွဲထားပြီး ကြည့်ရှုသူများ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် လိုင်း ၃ လိုင်းခွဲ၍ ပြသထားပါသည်။ ပထမအတန်းလိုင်းတွင် ရောင်စုံကာလာ ၄၂ ပုံနှင့် အဖြူအမဲ ၁၅ ပုံ ပြသထားရှိ၍ ဒုတိယအတန်းလိုင်းတွင် ရောင်စုံကာလာ ဓါတ်ပုံ ၄၇ ပုံကို ပြသ ထားပြီး၊ တတိယအတန်းလိုင်းတွင် ၁၉ ရာစုနှစ် ရွှေတိဂုံစေတီတော်ပုံရိပ်များ အဖြူအမဲ ၃၈ ပုံများကို ပြသထားပါသည်။
မော်ကွန်းဓါတ်ပုံပြခန်း အပြင်မျက်နှာစာတွင် ဓါတ်ပုံပြခန်း ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်လှူဒါန်း ကုသိုလ်ပြုကြသော ပညာရှင်၊ စေတနာရှင်၊ ကုသိုလ်ရှင်အပေါင်း တို့အား ရွှေတိဂုံစေတီတော်ကြီး၏ သမိုင်းတွင် မော်ကွန်းတင်ထားသည့် ကမ္ပည်းမော်ကွန်းကိုလည်း ထားရှိပါသည်။
ဓါတ်ပုံပြခန်းအား နံနက် ၀၇ ၀၀ မှ ည ၂၀ ၀၀ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြသထားပါ သည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်