ရွှေတိဂုံစေတီတော် လမ်းညွှန်

ရှင်ဥပဂုတ္တမင်္ဂလာကန်တော်

ရွှေတိဂုံစေတီတော်ကြီး၏ အောက်ပစ္စယံ ဝတ္တုကံနယ်မြေ၏ အနောက်‌မြောက်ရှိ ဦးဝိဇာရလမ်းနှင့် အာဇာနည်‌ဒေါင့်ရှိ သံပုံချိုင့်ဟုခေါ်သော စစ်အတွင်းက ပျက်စီးဆုံးရှုံးခဲ့သော ယာဉ်စက်ကရိယာ၊ သံထည်ပစ္စည်းများ စွန့်ပစ်စုပုံရာနေရာ၌ ဖြစ်ပါသည်။ ၎င်းစွန့်ပစ်သံထည် ပစ္စည်းများကို အခြေပြုကာ ပျံကျလူတန်းစားတို့၏ ကျူးကျော်ရပ်ကွက်တခုသဖွယ်ဖြစ်နေပြီး ၁၉၅၈-၅၉ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ၎င်းသံပုံချိုင့်ရပ်ကွက်အား ရှင်းလင်းပြီး တောင်ဥက္ကလာပ မြို့သစ်သို့ ပြောင်းရွှေ့စေခဲ့ပါသည်။ ရွှေတိဂုံ‌ဂေါပကအဖွဲ့သည် ၁၉၈၉ ခုနှစ်အထိ ထိုနေရာကွက်လပ်အား အသုံးပြုနိုင်ခြင်းမရှိခဲ့ပါ။ မိုးအခါ ရေဝပ်ချိုင့်ဝှမ်းဖြစ်ပြီး မိုးကုန်သည်နှင့် ဖုန်းဆိုးမြက်တော‌ ခြောက်ကြီး သာ ဖြစ်နေခဲ့ပါသည်။
၁၉၉၄ ခုနှစ်တွင် ၎င်းနေရာအား ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်း ဆည်မြောင်းဦးစီးဌာနမှ ကမကထပြုလုပ်၍ ၎င်းနေရာတွင် ရှင်ဥပဂုတ္တ ရေကန်တော်ကြီးတခုတည်ဆောက် လှူဒါန်းနိုင်ရေး အတွက်ဘုရား ‌ဂေါပကအဖွဲ့၊ ဝန်ကြီး၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့၏ခွင့်ပြုချက်များကို ရယူ ပြီး လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အလှူတော်အဖြစ် လက်ရှိပုံစံ အတိုင်း ၂.၃၄ ဧကရှိ ရှင်ဥပဂုတ္တမင်္ဂလာရေကန်တော်ကြီးအား တူးဖော် လှူဒါန်းခဲ့ပါသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ကြီး ဘက်စုံပြုပြင်ချိန် ၂၀၀၅ ခုနှစ်တွင် မောင်ဝိတ်မိသားစုက ကန်တော်အတွင်း၌ ရှင်ဥပဂုတ္တကိုယ်တော်ကြီးနှင့် ကျောင်းဆောင်တော်၊ စင်္ကြန်လမ်း၊ ကန်ပတ်လမ်း အလှဆင်စည်းရိုးတို့ကို လှူဒါန်းခဲ့ပါသည်။
ထို့အပြင် ၂၀၂၃ခုနှစ်တွင် ကန်တော်မှာ သက်တမ်း နှစ်(၃၀)ပတ် ဝန်းကျင်ရောက်ရှိ လာပြီဖြစ်ပါ၍ ကန်တော်ကြံ့ခိုင်ရေးအတွက် လိုအပ်သည်များပြုပြင်ရန် လိုအပ်ပါ သဖြင့် ‌ဂေါပကအဖွဲ့မှကြီးမှူး၍ အကြီးစားဘက်စုံ ပြုပြင်မှုလုပ်ငန်းများကို ဆက်စပ်အလှူရှင်များ ရှာဖွေ၍ကျပ်သိန်းပေါင်း(၃၀၀၀) ကျော်အကုန်ခံကာ ဆောင်ရွက်ခဲ့ပါသည်။ သို့အတွက် ယခုအခါ ဘုရားဖူး ပြည်သူများအတွက် စိတ်လက်အပန်းဖြေ အနားယူစရာ သာယာလှပသော ကန်တော်ကြီး အဖြစ် မြင်တွေ့ရခြင်းဖြစ်ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်