ရွှေတိဂုံစေတီတော် လမ်းညွှန်

ဝါဆိုလ – ဓမ္မစကြာအခါတော်နေ့အခမ်းအနား (ဝါဆိုရွှေကြာသင်္ကန်းလှည့်လည်ကပ်လှူပူဇော်ပွဲ)

      ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် ဗုဒ္ဓဝေယျာဝစ္စ အသင်းများနှင့် ရုံးဝန်ထမ်းများ၏ လှုပ်ရှားမှုပြယုဂ်တစ်ရပ်အနေဖြင့် ဝါဆိုလပြည့်၊ ဓမ္မစကြာ အခါတော်နေ့ကို ကြိုဆိုလျက် ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများသို့ ဆန္ဒပြုလွှာများ ဖြန့်ဝေ ခဲ့ပြီး ဆန္ဒပြုအသင်းများမှ (၂၅)ဦးစီ ပါဝင်စေလျက် အကြိုဓမ္မ စကြာတရားတော်ရွတ်ဆိုပူဇော်ပွဲကို ဝါဆိုလပြည့်မတိုင်မီ (၁၁) ရက်ခန့်မှစတင်ပြီး ထီးတော်ရုံ တန်ဆောင်း၌ ရွတ်ဖတ်ပူဇော် ခဲ့ကြပါသည်။
       “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လဝါဆို” ဟူသည်နှင့် အညီဘုရားလောင်း ပဋိသန္ဓေယူတော်မူသောနေ့၊ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဘုရားဦး ဓမ္မစကြာတရားဟောတော်မူသောနေ့ဟု ထင်ရှားသည့် ဝါဆိုလပြည့်နေ့တွင်ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဘုရားစေတီ ကျောင်းကန်များသို့ သွားရောက်ပြီး ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက် ကြသည်ကို စံနမူနာပြု၍ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သည် ဝါဆို လပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများစုပေါင်း၍ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းအတွင်း၌ အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပြီးလျှင် ဓမ္မစကြာဒေသနာ ပါဠိတော် ရွတ်ဆိုပူဇော်ခြင်း စသည်များ ပါဝင်သော ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကြီးကို ကျင်းပပြုလုပ်ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်