ရွှေတိဂုံစေတီတော် လမ်းညွှန်

အနောက်ဘက်စောင်းတန်းမှစ၍ မီးစွဲလောင်ခြင်း

သက္ကရာဇ် ၁၂၀၃ ခုနှစ်တွင် သာယာဝတီမင်းနှင့် အနောက်ဘက်နန်း မိဖုရားမမြလေးတို့ ဆောက်လုပ်လှူဒါန်းခဲ့သော အနောက်ဘက် စောင်းတန်းတော်ကြီး၏ အမိုးများကို သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အင်္ဂလိပ်စစ်တပ်က ဖျက်သိမ်းဖယ်ရှားပေးခဲ့ပါသည်။
အများပြည်သူတို့ကို ရွှေတိဂုံစေတီတော်ကြီးအားဖူးမြော်ခွင့် ပြုထားသော်လည်း ကုန်းတော်အနောက်ဘက်ခြမ်းကို အင်္ဂလိပ် စစ်တပ်မှ ပိတ်ဆို့ထားခဲ့ရာ ၁၂၉၁ ခုနှစ်အထိ (၈၇)နှစ်ကြာမြင့်ခဲ့ပါသည်။ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်လူကြီးများ ကြိုးပမ်းမှုကြောင့် ခရစ်နှစ် ၁၉၂၉ ခုနှစ်၊ သက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တပေါင်းလဆန်း (၄) ရက်နေ့တွင် အင်္ဂလိပ်တို့က အနောက်ဘက်မုခ်ကို ပြန်လည်လွှဲပြောင်း ပေးခဲ့သဖြင့် ဖွင့်ပွဲ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားကျင်းပစဉ်က ဆောက်လုပ်ခဲ့သော မဏ္ဍပ်များစွာအနက် အမှိုက်ပုံမှတဆင့် ဦးနာဂိန္ဒမဏ္ဍပ်ကြီးကို ၁၂၉၂ ခုနှစ်၊ တပေါင်းလဆုတ် (၃) ရက်နေ့၊ ညနေ (၃) နာရီတွင် မီးစွဲလောင်ခဲ့ရာမှ အစပြုလျက် အနောက်ဘက်စောင်းတန်းကြီး ရွှေတိဂုံ ငြမ်းစေတီကြီး အပါအဝင် ရင်ပြင်တော်နှင့် အရှေ့ဘက်စောင်းတန်းမှ ဇရပ်တန်ဆောင်ပေါင်း (၂၃) ဆောင်နှင့် တံခွန်တိုင်များ မီးလောင်ဆုံးရှုံးခဲ့ရပါသည်။
မီးလောင်ပျက်စီးသွားသော တန်ဆောင်းများအနက် အနောက်ဘက်စောင်းတန်းတော်ကြီးအား ဂေါပကအဖွဲ့က ဦးဆောင်ကြပ်မတ်၍ သီးခြားဒီဇိုင်းရေးဆွဲလျက် အသစ်ပြန်လည်တည်ဆောက်ပါသည်။ ရင်ပြင်တော်မုခ်ဦးဆောင်ကို သိမ်ကြီးစျေးမှ စျေးသည်မိသားစုက တစ်ဦးလျှင် နှစ်ပြားနှုန်း ကောက်ခံစုဆောင်း၍ စုပေါင်းလှူဒါန်းပါသည်။ ပြာသာဒ်ဆောင်ကြီး (၅) ခု၊ အခန်းပေါင်း (၃၄) ခန်းကို သီးခြား အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ပါသည်။ အခြားသောအရှေ့ဘက်စောင်းတန်း၊ ဇရပ်၊ တန်ဆောင်းများအား သီးခြားအလှူရှင်များ၊ မှုလအလှူရှင်များက အသီးသီးပြန်လည်ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ရွှေတိဂုံစေတီတော်ကြီးသာမက အရံစေတီများ၊ အရံသာသနိက အဆောက်အဦများ ပျက်စီးယိုယွင်း သည့်အခါတိုင်း မင်းနှင့်ပြည်သူတို့ သဒ္ဓါတရားထက်သန်စွာဖြင့် မဆုတ်မနစ်သောဇွဲဖြင့် ဗုဒ္ဓသာသနာတော် ဆက်လက်တည်တံ့ ပြန်ပွားစေရန် ဗုဒ္ဓအလင်းရောင်ဖြစ်သော ရွှေတိဂုံစေတီတော်ကြီး မှေးမှိန်ပျောက်ကွယ်ခြင်းမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ပုံများအား သမိုင်းအထောက် အထားများအရ ဖော်ပြအပ်ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်