ရွှေတိဂုံစေတီတော် လမ်းညွှန်

ပတ္တမြားမျက်ရှင်ရုပ်ပွားတော်
ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ တစ်ဆူတည်းသော ရုပ်ပွားတော်မြတ်ဖြစ်သည်။ ပတ္တမြား မျက်ရှင်ရုပ်ပွားတော်ကို မြန်မာသက္ကရာဇ် ၁၁၅၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ တနင်္ဂနွေနေ့ (၁.၁၀.၁၇၉၂) ရက်နေ့တွင် ထွက်ရပ်ပေါက်ဝိဇ္ဇာ ဘိုးဘိုးအောင်က တည်ခဲ့သည်ဟုဆိုသည်။
အထက်ပစ္စယံရုပ်ပွားတော်သည် တောင်းဆုပြည့်လွန်းသဖြင့် သက်ဉီးဆံပိုင်ဘုရင်စနစ်ကာလက နန်းတွင်းပုန်ကန်မှုဖြစ်မည်စိုး၍ မင်းညီမင်းသားများဖူးခွင့်ကို ရှင်ဘုရင်က ပိတ်ပင်ခဲ့ဖူးသည်ဟု အဆိုရှိ သည်။
အထက်ပစ္စယံရုပ်ပွားတော်ကြီးကို မဟာဆီ၊ မဟာသွေးဖြင့် ကြိတ်နယ်ရသော ဆေးရိုးကြီးဖြင့် ပြုလုပ်ထား၍ တမိုက်ခန့်ရှိသော ဆင်းတုငယ်ကို ဘိုးဘိုးအောင်က ကိုယ်တိုင်ဌာပနာ၍ တည်ထား တော်မူသောကြောင့် ဆေးရိုးကြီးဘုရားဟုလည်းခေါ်သည်။ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်၏ နဖူး တည့်တည့်တွင် ပတ္တမြားမျက်ရှင်ထည့်သွင်းပူဇော်ထားသဖြင့် ဆုတောင်းပြည့်ခြင်းဖြစ်သည်ဟု ဆိုကြသည်။
အထက်ပစ္စယံရုပ်ပွားတော်ကြီးကို
( ၁ ) ပတ္တမြားမျက်ရှင်ဘုရားကြီး
( ၂ ) ဆေးရိုးကြီးဘုရားကြီး
( ၃ ) တစ်ဝဂူဆုတောင်းပြည့်ဘုရားကြီး စသည့် ဘွဲ့တော်အမျိုးမျိုးဖြင့် သမုခ်ခေါ်တွင်ကြသည်။
အထက်ပစ္စယံဘုရားကြီးသို့ အသက်(၁၈)နှစ်ပြည့်ပြီးသော နိုင်ငံသားဗုဒ္ဓဘာသာဝင်အမျိုးသား များသာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုထားသည်။
တက်ရောက်ခွင့်မရသော အမျိုးသမီးများနှင့် အခြားဘုရားဖူးများ ဖူးမြော်နိုင်ရန် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်အရပ်လေးမျက်နှာရှိ အာရုံခံတန်ဆောင်းများတွင် ရုပ်မြင်သံကြားစက် ကြီးများဖြင့် ပူဇော်နိုင်ရန်စီစဉ်ပေးထားသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်